အစ္စလာမစ်အဖွဲ့နှင့် ဆက်နွှယ်နေသည့် ကျောင်းများကို ပိတ်ပေးရန် ကမ္ဘောဒီးယား အစိုးရအား တူရကီတိုက်တွန်း

အစ္စလာမစ်အဖွဲ့နှင့် ဆက်နွှယ်နေသည့် ကျောင်းများကို ပိတ်ပေးရန် ကမ္ဘောဒီးယား အစိုးရအား တူရကီတိုက်တွန်း

ဖနွမ်းပင်၊ သြဂုတ် ၂၃ ။            ။ တူရကီနိုင်ငံအတွင်း ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် မအောင်မြင်သော စစ်ဘက် အာဏာသိမ်းမှုအား ကြိုးကိုင်ဆောင်ရွက်သည့် အစ္စလာမစ်အဖွဲ့နှင့် ဆက်နွှယ်နေသည့်  ကျောင်းသုံးကျောင်းအား ပိတ်ပေးရန် တူရကီအစိုးရက ကမ္ဘောဒီးယားကို တိုက်တွန်းလိုက်သည်။

ကမ္ဘာအနှံ့ရှိ တူရကီ သံရုံးများအနေဖြင့် ယင်းစစ်ဘက်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာနိုင်ငံများတွင် တုန့်ပြန်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ဖနွမ်းပင်ရှိ တူရကီသံအမတ်ကြီး အီဟန်ကီမယ်တက်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်နှင့် ယမန်နေ့နံနက်ပိုင်းက အဆိုပါတိုက်တွန်းမှုအတွက် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမေရိကန်အခြေစိုက်အစ္စလာမစ်ဘာသာရေးခေါင်းဆောင်နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဖက်တူလာဂူလန်သည် ဇူလိုင်လအာဏာသိမ်းမှုကို ကြိုးကိုင်လှုပ်ရှားခဲ့သူဖြစ်ကြောင်း တူရကီသမ္မတရီကတ်တာရစ်အာဒိုဂန်က  ပြောကြားထားပြီး အဆိုပါအာဏာသိမ်းအဖွဲ့နှင့် ဆက်စပ်နေသည့် ကမ္ဘာပေါ်ရှိ ကျောင်းပေါင်းများစွာကို ပိတ်ပစ်နိုင်ရေးအတွက် တူရကီအစိုးရက ကြိုးပမ်းလျှက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်၌ ၁၉၉၇ ခုနှစ်မှစတင် ဖွင့်လှစ်ထားသော Zaman International School တွင် မူကြို၊ မူလတန်းနှင့် အထက်တန်းကျောင်းသားစုစုပေါင်း ၈၀၀ ကျော်ရှိသည်။

မြို့တော်ဖနွမ်းပင်တွင် Zaman University ကို ၂၀၁၁ ခုနှစ်က ဖွင့်လှစ်ခဲ့ရာ တူရကီဒုတိယဝန်ကြီးချုပ် ဘလူးရင့် အာနင့် တက်ရောက်ခဲ့သည်။ ထိုစဉ်က သမ္မတအာဒိုဂန်နှင့် ဂူလန်တို့အကြား မဟာမိတ်များအဖြစ် ရှိနေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ဂူလန်၏ လှုပ်ရှားမှုများသည် နိုင်ငံတော်လုံခြုံ ရေးကို ခြိမ်းခြောက်နေကြောင်း သမ္မတအာဒိုဂန်က ပြောကြားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက သမ္မတအာဒိုဂန်၏အစိုးရသည် ဂူလန်နှင့် ဆက်စပ်နေသည့် Zaman သတင်းစာတိုက်အား ပိတ်ပစ်ခဲ့သည်။  အဆိုပါသတင်းစာသည် တူရကီတွင် စောင်ရေအများဆုံးဖြစ် သည်။

ယခုပိတ်ပစ်ရန် တိုက်တွန်းခံရသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကျောင်းများအား အဆိုပါသတင်းစာတိုက် တွင် ဂျာနယ်လစ်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ အာတီလာယူဆွတ်ဂူလီကာက တည်ထောင်ခဲ့ခြင်းဖြစ် သည်။

အာဒိုဂန်အစိုးရက အာဏာသိမ်းအဖွဲ့နှင့် ဆက်စပ်နေသည့် ပုဂ္ဂလိကကျောင်း ၁၀၀၀ ခန့်ကို ပိတ်ပစ်ခဲ့ပြီး ဆရာ/ဆရာမ ထောင်ပေါင်းများစွာအား ရာထူးမှ ထုတ်ပယ်ခြင်း၊ စာသင်ခွင့်လိုင်စင် ရုတ်သိမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required