၂၁ ရာစုပင်လုံ ကျင်းပရေးအတွက် ပူးတွဲကော်မတီကို အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် ဖွဲ့စည်း

၂၁ ရာစုပင်လုံ ကျင်းပရေးအတွက် ပူးတွဲကော်မတီကို အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် ဖွဲ့စည်း

ရန်ကုန်၊ သြဂုတ် ၂၂ ။              ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ၁၆ ဦးနှင့် နိုင်ငံရေးပါတီတွေဘက်က ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ၊ NCAစာချုပ်တွင် လက်မှတ်ထိုးထားသည့်အဖွဲ့၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC၏ DPN ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၏ သြဂုတ်လ ၂၂ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးမှ ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် ပါဝင်သည့် ၁၆ ဦးအစုအဖွဲ့မှာ NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များမှ ၈ ဦး၊ UNFC အဖွဲ့မှ ၇ ဦး၊  မိုင်းလားအဖွဲ့မှ ၁ ဦးပါဝင်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနှင့် ၂၁ ပင်လုံတက်ရောက်ဖို့ အစဉ်သင့် ရှိနေကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ညီလာခံတက်ရောက်ရန်အတွက် ညှိနှိုင်းစရာများ ကျန်သေးကြောင်း ၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းကပြောသည်။

“အချိန်က ရှိနေပါသေးတယ်၊ ကြားထဲမှာ သူတို့ ဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေ တခြားစီစဉ်ဆောင်ရွက်မှုတွေ ရှိနေတာကြောင့် တက်နိုင်မယ့် အနေအထားတွေရှိနေပါတယ်။ အကုန်လုံးမတက်နိုင်ပေမယ့် ဒုတိယအကြိမ်မှာအဖွဲ့အစည်းတွေ ပိုများလာပါတယ်။ အခုက ကျွန်တော်တို့သေချာတာက ၁၇ ဖွဲ့ကတော့ တက်မှာပါ” ဟု ဖဒိုစောကွယ်ထူးဝင်းကပြောသည်။

UNFC အဖွဲ့အနေနှင့် ပူးတွဲ ကျင်းပရေးကော်မတီမှာ ပါဝင်မည့် ကိုယ်စားလှယ် ၇ ဦးကို မရွေးချယ်ရသေးကြောင်း မီဒီယာများနှင့်တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly