ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၏ ချီးမြင့်ငွေနှင့် စရိတ်သတ်မှတ်ချက်အား ပြန်လည်သုံးသပ်မည်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၏ ချီးမြင့်ငွေနှင့် စရိတ်သတ်မှတ်ချက်အား ပြန်လည်သုံးသပ်မည်
မန္တလေးတိုင်း၊ အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၂၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအတွက် သတ်မှတ်ထားသည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့အား ပြန်လည်သုံးသပ်ပေးပါရန် မန္တလေးတိုင်း၊ အောင်မြေသာဇံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ဩဂုတ် ၂၂ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အရေးဆိုလိုက်သည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအတွက် သတ်မှတ်ထားသည့် လစဉ်ချီးမြင့်ငွေနှင့် စရိတ်ပေးအပ်မည့်ကာလ၊ လစဉ်ချီးမြင့်ငွေနှင့် စရိတ်ပမာဏနှင့် ခန့်အပ်မည့် အဖွဲ့ဝင်ဦးရေတို့အား ပြန်လည်သုံးသပ်ပေးရန် ဒေါက်တာလှမိုးက လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ်၊ ဇူလိုင် ၁၄ရက်စွဲဖြင့် ထိုစဉ်သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးပြဌာန်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအတွက် လစဉ်ချီးမြင့်ငွေနှင့် စရိတ်ခံစားခွင့်အား အချိန်ကာလသတ်မှတ်ချက် မပါဝင်ခြင်း၊ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်ဖွဲ့စည်းရာတွင် လူဦးရေသတ်မှတ်ချက် အတိအကျမရှိခြင်းတို့ကြောင့် ကျခံသုံးစွဲနေရသည့် ငွေပမာဏမှာ အလွန်များပြားလျက်ရှိသည်ဟု ဒေါက်တာလှမိုးက လွှတ်တော်တွင် ပြောသည်။

"အခုလိုအချိန်မျိုးမှာ နိုင်ငံတော်အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အဘက်ဘက်က ဖွံ့ဖြိုးဖို့အတွက် ငွေကို စိစစ်ပြီး သုံးစွဲနေရတဲ့အချိန်မှာ လစဉ်ချီးမြင့်ငွေနဲ့ စရိတ်တွေအတွက် ကျခံသုံးစွဲရမယ့် ငွေပမာဏဟာ အလွန်တရာမှ ကြီးမားလွန်းတဲ့အတွက် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမယ်ဆိုတာ သေချာပါတယ်" ဟု ဒေါက်တာလှမိုးက ပြောသည်။

ဒေါက်တာလှမိုး၏ ပြောဆိုချက်အရ ၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ခန့်အပ်ခဲ့သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်လူဦးရေအရ လစဉ်ချီးမြင့်ငွေနဲ့ စရိတ်တို့မှာ တစ်နှစ်လျှင့် ၁၆၇ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၆ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ယခုနှစ် ဇူလိုင် ၂၅ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသည့် အမိန့်ကြေငြာစာအရ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအတွက် လစဉ်ချီးမြှင့်ငွေ သတ်မှတ်ချက်တွင် တိုင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက လစဉ်ချီးမြှင့်ငွေ ကျပ် ၃၄,၀၀၀၀၊ အဖွဲ့ဝင်များက ၃၁၀,၀၀၀ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက လစဉ်ချီးမြှင့်ငွေ ကျပ် ၃၁၀,၀၀၀ ၊ အဖွဲ့ဝင်များက ၂၈၀,၀၀၀၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက လစဉ်ချီးမြှင့်ငွေ ကျပ် ၂၈၀,၀၀၀၊ အဖွဲ့ဝင်များက ၂၅၀,၀၀၀ ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက လစဉ်ချီးမြှင့်ငွေ ကျပ် ၉၀,၀၀၀ ၊ အဖွဲ့ဝင်များက ကျပ် ၇၀,၀၀၀ အဖြစ် အသီးသီး သတ်မှတ်ထားသည်။

ဒေါက်တာလှမိုး၏ အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်အမတ်များက သဘောတူကြသည့်အတွက် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် အမတ်များအနေဖြင့်လည်း လွှတ်တော်ရုံးသို့ အမည်စာရင်းပေးသွင်းကြရန် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာထားသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် နယ်မြေမအေးချမ်း၍ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများနှင့် လစ်လပ်မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောဆိုသည်။

(ဗီဒီယိုဖိုင်အား https://www.facebook.com/MizzimaDaily/videos/1250810238287212/ တွင် ကြည့်ရှုနိုင်ပါသည်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags