ဂျူဗင်တပ်စ်နောက်ခံလူ အော့ဘွန်နာကို ၀က်စ်ဟမ်း ခေါ်ယူ

ဂျူဗင်တပ်စ်နောက်ခံလူ အော့ဘွန်နာကို ၀က်စ်ဟမ်း ခေါ်ယူ

ဇူလိုင် ၁၁၊ လန်ဒန်။ ။ ဝက်စ်ဟမ်အသင်းသည် ဂျူဗင်တပ်စ်နောက်ခံကစားသမား အော့ဘွန်နာကို ပြောင်းရွှေ့ကြေး ပေါင် ၈ ဒသမ ၅ သန်းဖြင့် လေးနှစ် စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် နောက်ခံကစားသမား အော့ဘွန်နာကို ဆောက်သမ်တန်၊ အဲဗာတန်နှင့် နာပိုလီအသင်းတို့က ခေါ်ယူရန် ကြိုးပမ်းခဲ့ကြပြီး ဝက်စ်ဟမ်းက ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီး နောက်တွင် အော့ဘွန်နာက 'ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားလိုပါတယ်။ လန်ဒန်ကို ပြောင်းရွှေ့ရမှာ ဖြစ်လို့ ပျော်ပါတယ်။ ဝက်စ်ဟမ်းအသင်းအတွက် ကစားပေးတာက မှန်ကန်တယ်လို့ ကျွန်တော့်နှလုံးသားက ပြောပါတယ်။ အသင်းဖော်အသစ်တွေနဲ့အတူ နည်းပြဘီလစ်ရဲ့လက်အောက်မှာ ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ခက်ခဲကြမ်းတမ်းမယ့် ခရီးစဉ်အသစ်အတွက် အဆင်သင့် ဖြစ်နေပါပြီ' ဟု ပြောသည်။

အော့ဘွန်နာသည် တိုရီနိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ၂၀၁၃ ခုနှစ်က ရောက်ရှိခဲ့သူဖြစ်သည်။ ဂျူဗီတွင် ချီလီနီနှင့် ဘိုနုချီတို့ ရှိနေသည့်အတွက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ကစားခဲ့ရသည်။ သို့သော် အော့ဘွန်နာသည် အီတလီလက်ရွေးစင်အသင်းအတွက် ၁၀ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly