လတ်ဆတ်တဲ့ပဲပင်ပေါက်ကို ကိုယ့်အိမ်မှာကိုယ် ဖန်ပုလင်းနဲ့ ဖေါက်စားကြရအောင်

19 August 2016
လတ်ဆတ်တဲ့ပဲပင်ပေါက်ကို ကိုယ့်အိမ်မှာကိုယ် ဖန်ပုလင်းနဲ့ ဖေါက်စားကြရအောင်

ပဲပင်ပေါက်ဆိုတာကတော့ အာရှနိုင်ငံ အများစုမှာ စားလေ့စားထရှိတဲ့ အသီးအရွက်တမျိုး ဖြစ်ပါတယ်။ ကျွတ်ကျွတ်ဆတ်ဆတ်ရှိပြီး ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲ   ဖြစ်ပါတယ်။

ပဲပင်ပေါက်ကို အိမ်အတွင်းမှာ ဖောက်ပြီး အလွယ်တကူ စားသုံးနိုင်သလို အိမ်တွင်း စီးပွားရေးလုပ်ငန်းအဖြစ်လည်း လုပ်ကိုင်နိုင်ပါတယ်။

ပဲအမျိုးအစားအားလုံးက အပင်ဖောက်လို့ရပေမယ့် အစေ့သေးတဲ့ ပဲတွေကတော့ ကျန်းမာရေးအတွက်ကော အပင်ဖောက်ဖို့ အတွက်ကော အဆင်အပြေဆုံးဖြစ်ပါတယ်။ အစေ့ကြီးတဲ့ပဲတွေကတော့ ပဲတွေရဲ့ စိုစွတ်မှု အချိန်ကြာလာတဲ့အမျှ မှိုတက်ဖို့ အလားအလာ များလာပါတယ်။ ဒါကြောင့် ပဲပင်ပေါက် ဖောက်ရန်အတွက်ကတော့ မတ်မဲ၊ ပဲနောက်၊ ပဲလွန်း စတဲ့ ပဲတွေကို အသုံးများပါတယ်။

အိမ်တွင်းမှာ ပဲပင်ပေါက်ဖောက်ပြီး စားမယ်ဆိုရင်တော့ ပထမဦးဆုံး ခြောက်သွေ့နေတဲ့ ပဲတွေကို အသုံးပြုရပါမယ်။ အခြောက်ခံထားတဲ့ပဲတွေကတော့ ပြန်ပေါက်ပြီးတော့ ရက်လွန်နေတဲ့ အစေ့တွေကတော့ ပေါက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ အသုံးပြုမယ့်ပဲစေ့တွေကို ရောဂါကင်း မကင်း အရင်ဦးဆုံး သေချာစွာ စစ်ဆေးရပါမယ်။ ရောဂါပိုးပါလာရင်တော့ ကိုယ်လိုချင်တဲ့ ပဲပင်ပေါက်မျိုး ရရှိမှာမဟုတ်ဘဲ ပျက်စီးသွားမှာပဲ ဖြစ်ပါတယ်။

ဖန်ပုလင်းတွေက အိမ်တိုင်းမှာရှိသလို ဆိုင်တွေမှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။ ဖန်ပုလင်းကို ရေနွေးဆပ်ပြာရည်နဲ့ ဆေးကြောပေးပါ။ ပြီးရင်တော့ ပဲစေ့တွေကို ရေအေးအေးနဲ့ ဆေးကြောပေးပါ။ မိမိအသုံးပြုမယ့် ပုလင်းရဲ့ ၅ ပုံ ၁ ပုံထိ ပဲစေ့ကို ထည့်ပေးပါ။ အကောင်းဆုံးကတော့ ပဲစေ့ နည်းနည်းပဲထည့်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အစေ့ အများကြီး ထည့်မယ်ဆိုရင်တော့ အပင်ပေါက်တွေ အများကြီးထွက်လာပြီးတော့ ဘက်တီရီးယားတွေကို ပေါက်ဖွားဖို့ အားပေးသလို ဖြစ်တတ်ပါတယ်။ ပြီးရင်တော့ ရိုးရိုးရေကို ပုလင်းထဲ လောင်းထည့်ပေးပါ။ ပုလင်းပြည့်သွားတဲ့အထိ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ပုလင်းအဝကို ပိုက်ကွန်စ ဒါမှမဟုတ် ချည်သားအဝတ်နဲ့ ပိတ်စည်းထားပေးရမှာ ဖြစ်ပါတယ်။ အဝတ်စ မြဲစေဖို့အတွက်ကတော့ သားရေပင်နဲ့ စည်းထားပေးရမှာ ဖြစ်ပါတယ်။

လေလုံစေမယ့် ပုလင်းအဖုံးတွေကိုတော့ အသုံးမပြုပါနဲ့။ ပုလင်းကို နေရောင်ခြည် တိုက်ရိုက်မကျနိုင်တဲ့ နေရာမှာ ထားပေးရမှာပါ။ ပဲစေ့များကို ပုလင်းထဲမှာ ( ၈ ) နာရီမှ ( ၁၀ ) နာရီအကြာထိ ရေစိမ်ထားပေးရမှာပါ။ ပြီးရင်တော့ ဆန်ခါစ သို့မဟုတ် အဝတ်စကို ဖယ်ပြီးတော့ ရေကို ထုတ်ပေးပါ။ ပြီးရင် ပုလင်းထဲကို ရေပြန်ထည့်ပါ။ ပုလင်းကိုလှုပ်ပြီး အဝတ်စကို ပတ်ပြီး ရေကို ပြန်သွန်ထုတ်ပေးပါ။ ပြီးရင်တော့ ပုလင်းကို နေရောင်ခြည် တိုက်ရိုက်မကျပဲ နွေးတဲ့နေရာမှာ ထားပေးရမှာပါ။ တစ်နေ့ကို ရေသွင်းရေထုတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ပဲစေ့များက နှစ်ရက်မှ သုံးရက်အတွင်း အပင်ပေါက်လာပြီး လေးရက်မှ ငါးရက်အတွင်းမှာတော့ စားသုံးနိုင်မယ့် ပဲပင်ပေါက်တွေကို ရရှိမှာဖြစ်ပါတယ်။ ပဲပင်ပေါက်တွေ အရှည် တစ်လက္မကနေ သုံးလက္မအထိ ရောက်ရှိလာပြီဆိုရင် ပုလင်းထဲကနေထုတ် ရေဆေးပြီး အသင့်စားသုံးနိုင်မယ့် အခြေအနေပဲ ဖြစ်ပါတယ်။

တကယ်တော့ ပဲပင်ပေါက်ကို ကိုယ့်အိမ်မှာပဲ နေရာကျဉ်ကျဉ်း ငွေကုန်ကြေးကျနည်းစွာ အပင်ဖေါက်ပြီးစားတာ ကောင်းပါတယ်။ သန်ရှင်းသန့်ပြန့်ပြီး လတ်လတ်ဆတ်ဆတ်လည်း စားလို့ရပါတယ်။ ပဲပင်ပေါက်ဆိုတာ လတ်ဆတ်လေ ကျန်းမာရေးနဲ့ညီညွတ်ပြီး စားလို့ကောင်းလေပါပဲ။

ကဲ အခုဆိုရင် ပဲပင်ပေါက်ကို အိမ်မှာ ဘယ်လိုဖောက်မလဲဆိုတာကို သိရှိလောက်ပါပြီ။

လက်တွေ့သာ ကိုယ့်အိမ်မှာကိုယ် ပုလင်းနဲ့ပဲပင်ပေါက်ဖေါက်ပြီး စားသုံးကြည့်လိုက်ကြပါတော့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required