မြစ်ဆုံအရေး ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ တရုတ်သမ္မတထံ မြန်မာအရပ်ဘက်အဖွဲ့အစည်းများ ပေးပို့

မြစ်ဆုံအရေး ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ တရုတ်သမ္မတထံ မြန်မာအရပ်ဘက်အဖွဲ့အစည်းများ ပေးပို့
(ဓာတ်ပုံ- အီးပီအေ)

ရန်ကုန်၊ သြဂုတ် ၁၈ ။               ။ မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး ပြည်သူလူထုက ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်ကို မြန်မာ့နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများက တရုတ်သံရုံးမှတဆင့် တရုတ်သမ္မတထံသို့ သြဂုတ် ၁၈ ရက်က ပေးပို့လိုက်သည်။

"မြစ်ဆုံကိစ္စကို အရမ်းစိတ်ပူတယ်လေ။ ဒီကပြည်သူတွေအတွက်က ဧရာဝတီက ပင်မသွေးကြောပေါ့၊ ဒီတော့ ဧရာဝတီတစ်ခုခုဖြစ်မလားဆိုပြီး စိုးရိမ်ချက်ရှိတယ် ဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံကလည်း တရုတ်ကို သွားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး တရုတ်အစိုးရက နိုင်ငံတော်အတိုင်ပင်ခံကိုလည်း အခက်ကြုံအောင်ပေ့ါနော် ဖိအားတွေပေးတာ ဖြစ်မှာစိုးတဲ့အတွက် ပြည်သူလူထုကလည်း ဒါကို မလုပ်ချင်ပါဘူးဆိုတာကို သိအောင် အဲ့ဒီစာ ပို့ရတာပါ" ဟု စာပို့သည့်အဖွဲ့များထဲမှ တစ်ဦးဖြစ်သည့် စစ်မှန်သောပြည်သူ့ကျေးကျွန်များအဖွဲ့၏ ဒါရိုက်တာ ကိုသွင်လင်းအောင်က ပြောသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်က ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် သင့်-မသင့် လေ့လာစိစစ်ရန်တွက် ကော်မရှင်တစ်ရပ်ကို သြဂုတ်လ ၁၂ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ဖွဲ့စည်းပေးခဲ့ပြီးနောက် ပြည်သူလူထုအကြား မြစ်ဆုံဆည်ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။

"ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးလိုက်တဲ့ အစိုးရဖြစ်နေတာကြောင့် ဒီအစိုးရက ဖွဲ့လိုက်တဲ့ ကော်မရှင်အနေနဲ့ ရလဒ်ကောင်းတွေ ပြည်သူတွေ လိုလားတဲ့ အချက်အလက်မျိုးတွေ အောက်ခြေမှာဖြစ်နေတဲ့ အမှန်တွေကို တင်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်တာပေါ့" ဟု ကိုသွင်လင်းအောင်က ကော်မရှင်နှင့်ပတ်သက်ပြီး ပြောသည်။

ယခင် သမ္မတဟောင်း ဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက်မည့်ကိစ္စကို သူ့အစိုးရလက်ထက်တွင် ရပ်နားထားခဲ့ပြီး အခုသမ္မတ ဦးထင်ကျော် အစိုးရသစ်လက်ထက်တွင်   မြစ်ဆုံဆည်ကိစ္စ   ပြန်လည်စတင်နိုင်ရန် တရုတ်အစိုးရအနေဖြင့် ကြိုးပမ်းလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required