မြန်မာပြည်ကို ခြေချလာတဲ့ လန်ဒန် လက်ဖက်ခြောက်

18 August 2016
မြန်မာပြည်ကို ခြေချလာတဲ့ လန်ဒန် လက်ဖက်ခြောက်

လက်ဖက်ရည်ကြမ်းကို နှစ်နှစ်သက်သက် သောက်သုံးလေ့ရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲကို အင်္ဂလန်က သက်တမ်း ၃၁၀ ကျော်ရှိတဲ့ Twinings (တွင်းနင်း(စ)) လက်ဖက်ခြောက် မိတ်ဆက် ဝင်ရောက် လာပြီဖြစ်ပါတယ်။ အရသာအမျိုးပေါင်း ၆၀၀ ကျော်ရှိတဲ့ တွင်းနင်း လက်ဖက်ခြောက် တွေကိုတော့ နိုင်ငံပေါင်း ၁၆ နိုင်ငံက ဝယ်ယူတာဖြစ်ပါတယ်။

Twinings ကုမ္ပဏီရဲ့ စာရင်းဝင် လက်ဖက်ခြောက်အရသာပေါင်း ၆၀၀ ကျော်ထဲက မြန်မာနိုင်ငံ ဈေးကွက်အတွက် အရသာ ၁၂ မျိုးနဲ့ စတင် ဖြန့်ချိ ရောင်းချသွားမှာဖြစ်တယ်လို့ Twinings လက်ဖက်ခြောက်ကုမ္ပဏီရဲ့ ၁၀ ယောက်မြောက် အမွေဆက်ခံသူ မစ္စတာစတီဖင် တွင်းနင်းက မဇ္ဈိမရဲ့ ဆွေးနွေးမေးမြန်းခန်းအစီအစဉ်ဖြစ်တဲ့ 7Minutes အစီအစဉ်မှာ ပြောဆိုလိုက်ပါတယ်။

အောင်သူရ။  ။ တွင်းနင်း အမှတ်တံဆိပ်က အင်္ဂလန်မှာလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော် ကတည်းကနေစပြီး ဂုဏ်သတင်းရှိတဲ့ လက်ဖက်ခြောက် ဖြစ်တယ်လို့တော့ သိထားတယ်။ ခင်ဗျားအနေနဲ့ တွင်းနင်းအမှတ်တံဆိပ်ရဲ့ ထူးခြားမှုနဲ့ပတ်သတ်ပြီး ဘာများပြောချင်ပါသလဲ။

စတီဖင်တွင်းနင်း။  ။၁၇၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သူဖြစ်တဲ့ သောမတ်(စ) တွင်းနင်း အကြောင်းကို ပြန်ပြောင်းပြောရမယ်လို့ ထင်ပါတယ်။ သူအနေနဲ့ သိပ်ကို ရိုးရှင်းတဲ့ အတွေးအမြင်နဲ့ ဒီလုပ်ငန်း စတင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ဂုဏ်သိက္ခာ တိုးတက်ဖို့အတွက် အကြောင်းအရာ တစ်ခုပြီးတစ်ခုကို ကောင်းကောင်း လုပ်ကိုင်ချင်ခဲ့တာပါ။ အမြဲတမ်းတူညီမယ့် လက်ဖက်ခြောက် အရသာဖြစ်အောင်လို့ လက်ဖက်ခြောက်တွေ ဝယ်ယူ ရောစပ်တဲ့ အလုပ်ကိုသူက အမြဲမပြတ် လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီကနေ ကမ္ဘာ့ပထမဆုံး လက်ဖက်ရည်ကြမ်း သောက်သုံးနိုင်တဲ့ ကော်ဖီဆိုင်တစ်ခုကို လန်ဒန်မှာဖွင့်လှစ်ခဲ့တယ်၊ ဒါပေမယ့် နောက်ထပ် ဆိုင်ခွဲတိုးချဲ့တာတွေကို သူမလုပ်ခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက လက်လီဆိုင်တွေ ဖွင့်လှစ်လုပ်ကိုင်ဖို့ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တာကြောင့်ပါ။ သူက အရသာထူးခြားကောင်းမွန်တဲ့ လက်ဖက်ခြောက်တွေကို ရွေးချယ် ရောစပ်တဲ့ အလုပ်မှာပဲ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီ ကျွမ်းကျင်မှုကပဲ တွင်းနင်းရဲ့ အယူအဆ ဖြစ်လာခဲ့ပြီးဒီနေ့ဒီအချိန်အထိ ဒီအလုပ်ကိုပဲ ကျွန်တော်တို့ လုပ်ကိုင်နေတာဖြစ်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့မှာ လက်ဖက်ခြောက်ကို ဆန်းသစ်ရောစပ်တဲ့နေရာမှာ ဆရာကျတဲ့ ပညာရှင်တွေလည်း ရှိပါတယ်။ သူတို့ရဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေနဲ့အတူ ကမ္ဘာအနှံ့မှာရှိတဲ့ အရည်အသွေး ကောင်းမွန်တဲ့ လက်ဖက်တွေကို စမ်းသပ်ရွေးချယ်ပေးပါတယ်။ ပြီးတော့ လက်ဖက်ခြောက်ရဲ့ အရည်အသွေးကို ထိန်းသိမ်းတဲ့နေရာမှာလည်း သူတို့လုပ်ကိုင်ရပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကျော်ဇော်တဲ့ ဂုဏ်သတင်းဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ဆီမှာ ဒီလိုလှပတဲ့ လက်ဆောင် လက်ဖက်ခြောက်ထုတ်တွေ ရှိလာပြီး လူတွေအတွက် ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီတစ်ခုလုံးက စားသုံးသူတွေ လက်ဖက်ရည်ကြမ်း သောက်တိုင်း ကျေနပ်မှုအမြဲတမ်းရရှိစေဖို့နဲ့ နောက်ထပ် ခရီးလမ်းတွေ လျှောက်လှမ်းနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေကို လုပ်ကိုင်ရပါတယ်။

အောင်သူရ။  ။ တွင်းနင်းက နှစ်ပေါင်း ၃၀၀ ကျော် ကြာအောင် လန်ဒန်ရဲ့ ရွှေရောင်အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်ဆိုတော့ တွင်းနင်းက လန်ဒန်ရဲ့ ရတနာတစ်ပါးလားဗျ။

စတီဖင် တွင်းနင်း။  ။ဟုတ်ပါတယ်၊ ဒီလိုပဲထင်ပါတယ်၊ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလကြောင့်လည်း ဖြစ်ပါတယ်၊ အဲဒီနှစ် တွေထဲမှာပဲ ကျွန်တော်တို့ ကုန်သွယ်ရောင်းချတာတွေ လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဂုဏ်သတင်းဆိုတာကလည်း အရည်အသွေးအပေါ်မှာ လုံး၀ မူတည်ပါတယ်။ ဟိုးအရင်သောမတ်(စ) တွင်းနင်းလုပ်ငန်း စတင်နေခဲ့တဲ့ အချိန်တွေကတည်းက စားသုံးသူ အခိုင်အမာရှိပြီးသားဖြစ်ပါတယ်။ အဲဒိနောက် သူ့ရဲ့ မြေးက ဗြိတိန်ပြည်သူတွေကို တွင်းနင်း လက်ဖက်ခြောက်ကို ကျယ်ကျယ်ပြန့်ပြန့် ပေးစွမ်းနိုင်ခဲ့ပါတယ်။ အဲဒီတော့ ဗြိတိန်ပြည်သူတွေကလည်း လက်ဖက်ရည်ကြမ်း သောက်သုံးတဲ့ ဂုဏ်သတင်းရှိလာခဲ့ပါတယ်။ အခုဆိုရင် တွင်းနင်းဟာ ဗြိတိန် လူ့အဖွဲ့အစည်း အကြိုက်ဖြစ်လာနေပါတယ်။

အောင်သူရ။  ။ ၁၉၇၂ ခုနှစ်မှာ ဗြိတိန် ဘုရင်မကြီးရဲ့ ပို့ကုန်အမှတ်တံဆိပ်နဲ့အတူ နိုင်ငံရပ်ခြား တိုင်းပြည်တွေကို တင်ပို့ခဲ့တယ်လို့ သိရတယ်၊ အခုဆိုရင် နိုင်ငံဘယ်နှနိုင်ငံလောက်ကို တွင်နင်း လက်ဖက်ခြောက်တွေကို တင်ပို့နေပြီလဲ။

စတီဖင် တွင်းနင်း။  ။ မနေ့ကအထိ.. တွင်းနင်း လက်ဖက်ခြောက်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှာ ရောင်းချလျက်ရှိပါတယ်။ အခုတော့ တွင်းနင်း လက်ဖက်ခြောက်ကို မြန်မာနိုင်ငံမှာ တရားဝင် ရောင်းချဖို့ ကျေကျေနပ်နပ်ကို စတင်လိုက်နိုင်တာကြောင့် နိုင်ငံပေါင်း ၁၁၆ နိုင်ငံဖြစ်လာတာပေါ့ဗျာ။ ဘာဖြစ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံကို တွင်းနင်းလက်ဖက်ခြောက်တွေကို ဆောင်ယူလာရတာလဲဆိုရင် မြန်မာက လက်ဖက်ရည်ကြမ်း သောက်သုံးမှုများတဲ့ နိုင်ငံ ဖြစ်တာကြောင့်ပါ။ ပြီးတော့ မြန်မာ့လူ့အဖွဲ့အစည်းက လက်ဖက်ရည်ကြမ်း သောက်သုံးမှုရဲ့ အကျိုးကျေးဇူးကိုလည်း သိရှိနားလည်ထားပြီး ဖြစ်တာကြောင့်လည်း ပါဝင်ပါတယ်။

အောင်သူရ။  ။ စကားဖြတ်ပြောပါရစေ၊ မြန်မာနိုင်ငံဆိုတာက လက်ဖက်ခြောက် လွှမ်းမိုးမှုရှိတဲ့ နိုင်ငံဖြစ်တယ်၊ ခင်ဗျားအနေနဲ့ လက်ဖက်စိုက် တောင်သူတွေကို ဒီမှာတွေ့မြင်ရမှာဖြစ်သလို အခြားထူးခြားကောင်းမွန်တဲ့ အမှတ်တံဆိပ်တွေလည်း ဒီမှာအများကြီးရှိတယ်၊ အဲဒီတော့ ဒီအမှတ်တံဆိပ်တွေကို ဘယ်လိုယှဉ်ပြိုင်မှာလဲဆိုရင် ဘာပြောချင်လဲ။

စတီဖင် တွင်းနင်း။  ။ ကျွန်တော်တို့က လက်ဖက်ရည်သောက်သုံးသူတွေကို ကမ္ဘာမှာရှိတဲ့ အမျိုးအစားကွဲပြားတဲ့ အနံ့အရသာတွေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။ တွင်းနင်း ကုမ္ပဏီမှာကိုယ်ပိုင် လက်ဖက်ခင်း မရှိပါဘူး။ လက်ဖက်လည်း မစိုက်ပါဘူး၊ ကျွန်တော်တို့က ထူးခြားတဲ့ ဝိသေသ လက္ခဏာနဲ့ အနံ့အရသာရှိတဲ့ လက်ဖက်တွေကို ဝယ်ယူပါတယ်၊ အဲဒီတော့ မြန်မာပြည်က လက်ဖက်ရည် သောက်သုံးသူတွေအတွက် ရွေးချယ်စရာ ပိုပြီးရနိုင်အောင် လုပ်ကိုင်ချင်ပါတယ်။ ကျွန်တော်တို့ ကျွမ်းကျင်မှုက အမျိုးအစားကွဲပြားတဲ့ လက်ဖက်တွေကို ရွေးချယ်တယ်..ပြီးရင် မပြောင်းလဲတဲ့ လက်ဖက်ခြောက် အရသာ ဖြစ်ဖို့ ဖန်တီးမယ်။

အောင်သူရ။ ။ အရသာ အများကြီးရှိတာပေါ့။

စတီဖင် တွင်းနင်း။   ။ အများကြီးပါ၊ ဟုတ်ပါတယ်။

အောင်သူရ။ ။ စုစုပေါင်းဒါမှမဟုတ် ခန့်မှန်းအရေအတွက် ဘယ်လောက်တောင်ရှိလဲ။

စတီဖင် တွင်းနင်း။  ။ကုမ္ပဏီမှတ်တမ်းအရတော့ အမျိုးအစားပေါင်း ၆၀၀ ကျော်ပါတယ်၊ မြန်မာနိုင်ငံ အတွက်ကိုတော့ စစချင်းအမျိုးအစား ၁၂ မျိုးနဲ့ စတင်ပါ့မယ်၊ ပြည်သူတွေအနေနဲ့ ဒီလက်ဖက်ခြောက် အမျိုးအစားတွေကိုပိုပြီးရင်းနှီးလာရင် နောက်ထပ် ၁၅ မျိုးဒါမှမဟုတ် အမျိုး ၂၀ အထိ တိုးချဲ့သွားမှာဖြစ်ပါတယ်။

အောင်သူရ။  ။ နိုင်ငံပေါင်း ဘယ်လောက်က လက်ဖက်တွေ ဝယ်လဲ။

စတီဖင် တွင်းနင်း။  ။ လက်ဖက်စိုက်တဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံထဲက ၁၆ နိုင်ငံမှာ ဝယ်ပါတယ်။

အောင်သူရ။  ။ ဆိုတော့ အဲဒီမှာ မြန်မာဆီကနေ ဝယ်တာရှိလား။

စတီဖင် တွင်းနင်း။  ။ လောလောဆယ်တော့ နိုင်ငံပေါင်း ၁၆ နိုင်ငံဆီကနေပဲ ဝယ်ပါတယ်၊ ကမ္ဘာမှာ လက်ဖက်စိုက်တဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံကနေတော့ လက်ဖက်မဝယ်ပါဘူး၊ မဝယ်နိုင်သေးတာ ဖြစ်ပါတယ်။ အကြောင်းပြချက်မရှိပါဘူး။ နောက်တော့ ဝယ်ချင်လာပါ့မယ်။ အဲဒီအတွက်လည်း လေ့လာလျက်ရှိပါတယ်။

အောင်သူရ။  ။အဲတော့ အနာဂတ်မှာ မြန်မာလက်ဖက်ကို ဝယ်ယူချင်မှာပေါ့။

စတီဖင် တွင်းနင်း။  ။သိပ်ကို ဖြစ်နိုင်ပါတယ်။

အောင်သူရ။  ။ ထိုင်းနဲ့ ဗီယက်နမ်ဆီကနေရော ဝယ်လား။

စတီဖင် တွင်းနင်း။ ။ ဝယ်ပါတယ်။ ဒါပေမယ့် ထိုင်းလက်ဖက်ကိုတော့ သိပ်အများကြီး မဝယ်ပါဘူး၊ ကျွန်တော်တို့က လက်ဖက်စိုက်ပျိုးမှု အကောင်းဆုံး နိုင်ငံတွေဆီကနေပဲ ဝယ်ပါတယ်။

အောင်သူရ။  ။ တရုတ်ပေါ့။

စတီဖင် တွင်းနင်း။  ။ သေချာတာပေါ့ဗျာ၊ ကျွန်တော်တို့ သမိုင်းမှာဆိုရင် ..ဟိုးအရင် ရှေးနှစ်ပေါင်း ၁၀၀ ကတည်းက တရုတ်က လက်ဖက်စိုက်ပြီး ကျွန်တော်တို့ကို ရောင်းချတာပေါ့။ အိန္ဒိယ လက်ဖက်ဆိုရင်လည်း အတော်လေးကို ဆန်းသစ်ပါတယ်။ ၁၈၃၉ ခုနှစ်မှာ အိန္ဒိယက လက်ဖက်ကို စရောင်းခဲ့ပါတယ်။ အိန္ဒိယလက်ဖက်ကို ကျွန်တော်တို့ စတင်ဝယ်ယူနေတဲ့အချိန် နောက် နှစ်ပေါင်း ၅၀ အကြာမှာ သီရိလင်္ကာဆီကလည်းလက်ဖက် ဝယ်ပါတယ်။ အဲဒါနဲ့ ကမ္ဘာအနှံ့မှာ လက်ဖက်ဈေးကွက် ကျယ်ပြန့်လာခဲ့တာပါ။ အဲဒီတော့ ဘယ်နေရာမှာ လက်ဖက်ကောင်းတွေ စိုက်လည်း ကျွန်တော်တို့ ရှာဖွေပြီး ဝယ်လိုက်တာပါပဲ။

အောင်သူရ။ ။ တွင်းနင်း လက်ဖက်ခြောက် ကုမ္ပဏီအနေနဲ့က ပရီမီရမ် ဖြန့်ချီရေးကုမ္ပဏီနဲ့ ဒီမှာစီးပွားရေးလုပ်ဖို့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့တယ်၊ ဒီနှစ်မှာလုပ်ငန်းတွေ စတင်မယ်ဆိုတော့ ဒီကုမ္ပဏီ ၂ ခုရဲ့ အခြေအနေက ဘယ်လိုရှိလဲဗျ။

စတီဖင် တွင်းနင်း။ ။အရမ်းကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ စီးပွားဖက် အသစ်နဲ့အတူ ကျွန်တော်တို့ အလုပ်လုပ်ကိုင်ချင်တာက သူတို့က နားလည်မှုရှိသလို ကျွန်တော်တို့ ကုမ္ပဏီတန်ဘိုးကိုလည်း အသိအမှတ်ပြုတယ်လေ၊ ပြီးတော့ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကုမ္ပဏီရဲ့ တန်ဘိုးကို သိမြင်ပါတယ်။ ဒီလိုကုမ္ပဏီကြီးတစ်ခုနဲ့ ပူးပေါင်းပြီးတော့ ထိပ်တန်း ဟိုတယ်တွေကိုရှာဖွေပြီး ဖြန့်ချိရေး လုပ်ငန်းတွေကို လုပ်ကိုင်ချင်ပါတယ်၊ ပြီးတော့ စူပါမားကတ်တွေမှာလည်း ဖြန့်ချိရေး လုပ်ငန်းတွေကို လုပ်ကိုင်ချင်ပါတယ်။ လုပ်ငန်း လည်ပတ်ဖို့အတွက် သူတို့ကို ကျွန်တော်တို့ လိုအပ်ပါတယ်၊ အဲဒီတော့ အာရုံစူးစိုက်မှု တော်တော်များများကို အသေးစိတ်က အစလုပ်ကိုင်ရမှာပါ။

အောင်သူရ။  ။ မြန်မာနိုင်ငံက အခြားအမှတ်တံဆိပ်တွေနဲ့အတူ တွင်းနင်းကိုလည်း မြင်တွေ့လာရဖို့ ရှိနေပြီဆိုတော့ အနာဂတ်မှာ စီးပွားရေးကို ဦးတည်လုပ်ကိုင်သွားမှာလဲ။

စတီဖင် တွင်းနင်း။  ။လာမယ့်အနာဂတ်မှာတော့ ဒီမှာ ကျွန်တော်တို့ ထုတ်ကုန်တွေ ရောက်အောင် လုပ်မယ်၊ ပြီးရင် ကြော်ငြာတာတွေ လုပ်မယ်၊ ပိုအရေးကြီးတာက စူပါမားကတ်တွေမှာ လူတွေကို မြည်းစမ်းနိုင်အောင် လုပ်ပေးမယ်၊ ခင်ဗျားအနေနဲ့ လက်ဖက်အရသာကို စမ်းသပ်ကြည့်မယ်ဆိုရင် ခင်ဗျား ကြိုက်သွားမယ်၊ အဲတော့ နောက်ဆက်ပြီး သောက်ချင်လာမှာပေါ့။ ဒီနည်းတွေနဲ့ လူတွေကို လက်ဖက်ခြောက် အရည်အသွေးတွေကို ပြသသွားပါ့မယ်။ ဒါကြောင့် နမူနာမြည်းစမ်းနိုင်ဖို့ အများကြီး လုပ်သွားမှာ ဖြစ်ပါတယ်။

အောင်သူရ။  ။ ပရီမီယမ် ဖြန့်ချီရေးကုမ္ပဏီနဲ့ သဘောတူထားပြီးလားဗျ။

စတီဖင် တွင်းနင်း။  ။ အမှတ်တံဆိပ်ပေါက်အောင် ရင်းနှီးမြှုပ်နှံရမယ်ဆိုတာ ကျွန်တော်တို့ သိနားလည်ပြီးသား ဖြစ်ပါတယ်။ ရှေ့အနာဂတ် အခြေအနေက ပိုကောင်းလာဖို့ရှိတာကြောင့် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်ရှိထားပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့က အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required