သူ့မိခင်ဟာ နောက်ကွယ်ကသူရဲကောင်းကြီးလို့ ဆိုတဲ့ Animation ရုပ်ရှင်ဒါရိုက်တာ ဉာဏ်ကျယ်စေ

17 August 2016
သူ့မိခင်ဟာ နောက်ကွယ်ကသူရဲကောင်းကြီးလို့ ဆိုတဲ့ Animation ရုပ်ရှင်ဒါရိုက်တာ ဉာဏ်ကျယ်စေ

လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေရဲ့ ဒီကနေ့ ဖြတ်သန်းကြုံတွေ့နေရတဲ့ ဘဝအနေအထားကို “ကျွန်မမလိုချင်တဲ့ ကျွန်မရဲ့ ဘဝ”ဆိုတဲ့ ၁၁ မိနစ်စာ အန်နီမေးရှင်း( Animation ) ဇာတ်ကားတစ်ခုတည်းမှာ ရိုက်ကူးထုတ်လုပ်ထားတာ ရှိပါတယ်။ ရိုက်ကူးသူက အမျိုးသားဒါရိုက်တာ “ညဏ်ကျယ်စေ” ဖြစ်ပါတယ်။ ကိုယ်တိုင်က အမျိုးသားတစ်ယောက် ဖြစ်နေပေမယ့် အမျိုးသမီးတွေရဲ့ဘဝကို ခံစားနားလည်ပေးသူ ဒါရိုက်တာ ဉာဏ်ကျယ်စေနဲ့ တွေ့ဆုံစကားပြောကြည့်ခဲ့ပါတယ်။

မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးခဲ့ပြီးတော့ အောင်မြင်မှုတွေရခဲ့တဲ့ ကျွန်မမလိုချင်တဲ့ ကျွန်မဘဝ ဆိုတဲ့ Animation ဇာတ်လမ်းတိုလေးအကြောင်း အဲဒီတော့ အမျိုးသားတစ်ယောက် ဖြစ်လျက်နဲ့ အဲသလို ဇာတ်လမ်းမျိုးကို ဖန်တီးဖြစ်ခဲ့တဲ့ အကြောင်းကနေ စပြီးတော့ ပြောပြပေးပါ။

ဘယ်လိုပြောမလဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ဆိုပေမယ့် မိန်းကလေးတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေ ရှိတာပဲလေ။ ဆိုတော့ သူတို့ဘဝမှာ ခံစားနေရတာလေးတွေကို ကိုယ်တွေ့မဟုတ်ရင်တောင် သူတို့ဘဝလေးတွေကို ကိုယ်တိုင် မြင်နေရ ကြုံနေရတယ်ဆိုတော့ စိတ်ထဲမကောင်းဘူးပေါ့နော်။ တချို့ကိစ္စတွေဆို မဖြစ်သင့်ဘူးလေ။ သူတို့ဘဝတွေမှာ မိန်းကလေးမှ ယောက်ျားလေးမှတင် မဟုတ်ဘူး။ နောက် ပညာရေးစနစ်တွေ ညံ့ဖျင်းတာတို့ မိသားစုရဲ့ စီမံခန့်ခွဲမှု မကောင်းတာတို့ မိန်းကလေးတွေမှာက စိတ်အားဖြင့်သော်လည်ကောင်း၊ ကိုယ်အားဖြင့်သော်လည်ကောင်း၊ ယောကျ်ားလေးတွေနဲ့ တချို့ မတူတဲ့အချက်တွေမှာ သူတို့မှာ ပိုပြီးတော့ ခံစားရတာလေးတွေ ရှိတယ်ပေါ့နော်။ ဒါလေးတွေကို ကျွန်တော်မြင်တဲ့အခါမှာ မိန်းကလေးတစ်ယောက်ဖြစ်လို့ ဒီဒုက္ခတွေကို ခံစားရတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဥပမာ မိသားစုတစ်ခုမှာ မိန်းကလေးနှစ်ယောက် ယောကျ်ားလေးနှစ်ယောက် ရှိတယ်ထားပါတော့ သူတို့မိသားစု ရပ်တည်ဖို့အတွက် ငွေမရှိဘူး ဆင်းရဲတယ်ပေ့ါဗျာ။ အဲဒီမှာ နှစ်ယောက်ကိုပဲ ကျောင်းထားမယ်ဆိုရင် ဘယ်နှစ်ယောက်ကို ကျောင်းထားမလဲ သားနှစ်ယောက်ကိုပဲ  ကျောင်းထားလိုက်မယ် သမီးနှစ်ယောက်ကို မထားဘူးပေါ့နော် ဒါဆိုရင် သမီးတို့နှစ်ယောက်မှာရော ပညာသင်ဖို့ အခွင့်အရေးမရှိဘူးလား ကျောင်းတက်ချင်တယ် သူတို့ကရော ကြီးလာရင်ဘာလုပ်မလဲ သူတို့ရွေးချယ်စရာ နည်းလမ်းမရှိဘူးလား။ အဲဒါဆိုရင် မတူတာလေးတွေ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိသွားတဲ့ ပုံစံလေးတွေပေါ့။ အဲလိုမတူညီတာလေးတွေ မြင်နေရတဲ့အခါ စိတ်ထဲမှာ မကောင်းဘူးပေါ့။ အဲတော့ ကိုယ့်အနေနဲ့ ဘာလုပ်မလဲဆိုတော့ သူတို့အတွက် ဘာလုပ်နိုင်မလဲပေါ့ ဆိုတော့ ကိုယ်တတ်တာကလည်း Animation လေးပဲ ရှိတာဆိုတော့ Animation ကြည့်တဲ့သူတွေအနေနဲ့ ဒီ အချက်အလက်တွေကိုမြင်မယ် မက်ဆေ့တစ်စုံတစ်ရာ ရသွားမယ်။ မက်ဆေ့ကို ဒီအတိုင်း ပေးတာမျိုးထက် သူတို့နှလုံးသားထဲကို တစ်စုံတစ်ရာ ရောက်သွားစေချင်တယ်။ နှလုံးသားနေကမှ တစ်ဆင့် ဦးနှောက်ကို တစ်ခုခု တွေးသွားစေချင်တယ်။ အဲလောက်ပဲ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာ ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ပြပြီးတော့ မျှော်လင့်ချက်တွေ ရိုက်ချိုးလိုက်ပြီးတော့ ဖြစ်သွားမှာကိုလည်း မလိုလားဘူးပေါ့။ ဆိုတော့ ဒီနောက်ဆုံးခန်းမှာ ပြန်ပြီးတော့ လုပ်လိုက်တာလေးက ဒီလို ဒုက္ခတွေ ခံစားနေရတဲ့လူတွေအတွက် မိန်းကလေးတွေအတွက် ကိုယ့်ရဲ့ တက်နိုင်တဲ့ တစ်စုံတစ်ရာ တစ်ထောင့် တကဏ္ဍကနေ အားလုံး ကူညီပေးကြဖို့ အဲဒီရည်ရွယ်ချက်လေးနဲ့ လုပ်လိုက်တာပါ။

ဇာတ်လမ်းတိုလေးရဲ့ စုစုပေါင်း ကြာမြင့်တာက။

Cradit မပါဘူးဆိုရင် ၁၁ မိနစ်ပါပဲ။

ဟုတ်ကဲ့ပါ။ အမျိုးသမီးတစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ နောက်ပြီးတော့ သူ့ရဲ့ စိတ်ခံစားမှုတွေ အဲဒီအပိုင်းတွေကို အမျိုးသားတစ်ယောက်ကနေ ပါဝင်ပြီးတော့ ခံစားပြီး အကိုရေးဆွဲတာ အဲဒီအပိုင်းမှာကျတော့ အကို ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ခဲ့လဲ အဲဒါတွေအတွက်ကော အကို အချိန်ပေးပြီးတော့ လေ့လာခဲ့ရတာ ရှိလား။

အချိန်ပေးပြီး တမင်လေ့လာခဲ့တာတော့ မရှိဘူး။ ဒါပေမယ့် ဘာလို့မရှိလဲဆိုတော့ လေ့လာစရာမရှိအောင် အပြင်မှာကြုံနေရတာ။ ကိုယ် နားလည်တတ်တဲ့အရွယ်ကစပြီး ဒါတွေက အနည်းနဲ့အများ တွေ့လာရတာပဲ။ တက္ကသိုလ်ရောက်လာတဲ့အချိန်မှာ ပိုပိုပြီးတော့ သိလာတယ်ပေါ့နော်။ နယ်ကလာတဲ့ မိန်းကလေးတွေပေါ့။ နောက်ပြီး ကိုယ်တွေသူငယ်ချင်းတွေထဲမှာ အဲသလိုမျိုး ဘယ်လိုခေါ်မလဲ ခုနကပြောသလိုပေါ့ မိသားစုက မကောင်းတဲ့အခါမှာ သူတို့ထင်ရာစိုင်းပြီး လုပ်တဲ့အခါမှာ ပိုပိုပြီးတော့ မှားတဲ့ဘက်ကို ရောက်သွားတာတွေ  ဒီလိုမျိုးပဲ ဖြစ်တာတွေပေါ့လေ အဲဒါတွေဆိုရင်လည်း အမြဲကြုံနေရတာပဲလေ။ ခုနကပြောသလို ကိုယ့်မိတ်ဆွေထဲမှာ တွေ့နေရတာတွေ ကြုံနေရတာပေါ့။ တမင်ကြီးလေ့လာတယ်လို့တော့ မဟုတ်ပါဘူး။

အဲတော့ အကို ဒီဇာတ်ကားဖြစ်မြောက်ဖို့အတွက် ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေရော ရှိသလား။

စိန်ခေါ်မှုကတော့ တစ်ဖက်က ကျောင်းက ဆေးကျောင်းက အဲတုန်းက Final Part 2 ပေါ့နော်။ Final Part 2 ဆိုတာကတော့ ဆရာဝန်တိုင်း ဆေးကျောင်းသားတိုင်းရဲ့ အခက်ခဲဆုံး နှစ်ပေါ့နော်။ တကယ့် ဘယ်ဆရာတွေမဆို ပြောလေ့ရှိပါတယ်။ အဲဒီဘက်ကို ဖြတ်သန်းနေရတဲ့အချိန် ဒီဘက်က Animation ကလည်း ကိုယ် လုပ်ချင်တာကတော့ အများကြီးပေါ့နော်။ ဒါပေမယ့် နည်းစနစ်ပိုင်းအားဖြင့် ကိုယ်က သိပ်မကျွမ်းကျင်တာလည်း ရှိတယ်။ နောက်ပြီးတော့ ဘတ်ဂျက်အားဖြင့် ခက်ခဲတာလေးတွေ ရှိတယ်။ အဲအခါမှာ ကိုယ်တတ်နိုင်တဲ့ တစ်နိုင်တစ်ပိုင်လေးနဲ့ပေါနော် လုပ်ရတာလေးတွေ ရှိပါတယ်။ တစ်ဖက်က အဲဒီ ကျောင်းကို အချိန်ပေးလိုက် ဒီဘက်ကိုအချိန်ပေးလိုက်နဲ့ လုပ်ရတာမျိုးလေးတွေပေါ့နော် အဲဒါမျိုးလေးတွေ ရှိတယ်။ ပြီးတော့ အချိန်ပေးရတာလည်း ပါတယ်ပေါ့နော်။ နောက်ပြီး အချိန်ပေးရတာအပြင် စိတ်ဝင်စားမှုရှိဖို့ကလည်း ပါသေးတယ်ပေါ့နော်။ တစ်ခါတစ်လေ ကိုယ်က ဒါလုပ်သင့်တယ်ဆိုပေမယ့် mood က ဟိုဘက်ကိုပါနေရင် လူက ဇဝေဇဝါတွေ ဖြစ်ကုန်တာပေါ့နော်။ အဲလိုမျိုး ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်တည်း တိုက်ပွဲဝင်ရတာတွေလည်း ရှိတယ်။

ဒီဇာတ်ကားက နိုင်ငံတကာမှာ သွားပြရတာတွေ အများကြီးပဲလေ အဲတော့ စုစုပေါင်းဆိုရင် ဘယ်နှစ်နိုင်ငံတောင် ရောက်ပြီးသွားပီလဲ။ အဲဒီဇာတ်ကားက။

အခုက လောလောဆယ် ဒီမြန်မာနိုင်ငံအပါအဝင် အရွေးခံထားရတာ ၇ နိုင်ငံပါ။ ဒီ မြန်မာနိုင်ငံ တစ်ခုကတော့ ပြပြီးသွားပြီ။ ကျန်တဲ့ ၆ နိုင်ငံမှာ တူရကီက အခုလာမယ့် ဇူလိုင်လထဲ ဇူလိုင်လကုန်ပိုင်းမှာ ပြမယ်။ ပြီးတော့ အိန္ဒိယနဲ့ ဆားဘီးယားနိုင်ငံက လာမယ့် သြဂုတ်လထဲမှာပြမယ်။ ဘယ်ဂျီယံနဲ့ ဆွစ်ဇာလန်နဲ့ကတော့ သူတို့ ပြမယ့်အချိန် အတိအကျတော့ မသိသေးဘူး။ နောက်တစ်ခု ယူကေကကျတော့၂၀၁၇ ဧပရယ်လလောက်မှာ နော်ဝှစ်မြို့မှာ ပြမယ်။

အဲတော့ သူက ကမ္ဘာပတ်တော့မှာပေါ့နော်။

သူကတော့ ကမ္ဘာပတ်နေပြီ။ ကိုယ်ကတော့ မပတ်နိုင်သေးဘူး။

အဲဒီတော့အကို ခုနကပြောတဲ့အထဲမှာလည်း ပါသွားပြီ အကိုက ဆေးကျောင်းတက်နေရင်းနဲ့ ဒီဇာတ်ကားကို ဖန်တီးခဲ့ရတယ်။ အဲတော့ အကို့ဘဝမှာ Animation ကာတွန်းဇာတ်ကားတွေကို ဖန်တီးဖို့အတွက်ကို အားသန်နေလား အခု လက်ရှိ ပညာရေးပေါ့နော် ဆရာဝန်တစ်ယောက်အနေနဲ့ အသက်မွေးဖို့ကို ပိုပြီးတော့ အားသန်နေသလား အဲဒါကို ဘယ်လို ချိန်ဆပြီးတော့ စဉ်းစားထားလဲ။

အဲဒါကလည်း ကိုယ့်ကိုယ်ကိုယ် အမြဲမေးတယ်ပေါ့နော်။ ခဏခဏမေးရတဲ့ မေးခွန်းတစ်ခုပဲ ဒီ ဆရာဝန်လောကဆိုတာ အင်မတန်ကို ခက်ခဲတဲ့ ကြမ်းတမ်းတဲ့ ဘဝတစ်ခုပဲ။ လူတွေအမြင်မှာတော့ သူတို့က လက်ထိပ်ငွေသီးနေတယ်လို့ မြင်ကြတယ်။ တကယ့်တကယ်တော့ အင်မတန်မှ ခက်ခဲပါတယ်။ တစ်ဖက်ကလည်း ဝါသနာက ငယ်ငယ်လေးကတည်းက ဝါသနာက ရူးသွပ်လို့ လုပ်ဖြစ်နေတာလေ။ ဘယ်သူမှမတိုက်တွန်းပဲနဲ့ ကိုယ့်ဘာသာလုပ်ဖြစ်နေတဲ့ အရာဖြစ်နေတော့ ကျွန်တော်က ဒီဆေးပညာကိုလည်း မစွန့်လွှတ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ခက်ခက်ခဲခဲနဲ့ တက်လာခဲ့ရတာ။ ကျွန်တော်မှန်းထားတာတော့ ဖြစ်နိုင်ရင် ဒီဘက်က ဆေးပညာနဲ့ ဒီဘက်က အနုပညာနဲ့ နှစ်ခုပေါင်းဆပ်ပြီးတော့ လူတွေအတွက် ကျန်းမာရေးကဏ္ဍကနေပြီးတော့ တစ်စုံတစ်ရာ လုပ်နိုင်ဖို့တော့ လမ်းရှာရမှာပေါ့။ ဘယ်လိုလဲဆိုတော့ ဒီဘက်က Health နဲ့ ဟိုဘက်က Entertainment ပေါင်းပြီးတော့ လုပ်မလားပေါ့။

ညီမတို့သိထားတာက အကိုက အနုပညာမျိုးရိုးအနေနဲ့ကတော့ ဆရာအော်ပီကျယ်ရဲ့ သား။ အခု သွေးထဲမှာတော့ ဆရာအော်ပီကျယ်ရဲ့ သွေးတွေကတော့ စီးဆင်းနေမှာပဲ။ အဲတော့ ငယ်ရွယ်စဉ် ဘယ်အချိန်ကတည်းက အကိုက ဒီကာတွန်းတွေဆွဲဖို့ကို စိတ်အားထက်သန်ခဲ့တာလဲ။

၂ နှစ်သား ၃ နှစ်သားအရွယ်လောက်က ကမ္ဘာ့မြေပုံ တကယ့် ကမ္ဘာ့မြေပုံမဟုတ်ပါဘူး။ လုံးလုံးကြီးဆွဲပြိးတော့ သမုဒ္ဒရာတိုက် မြေကြီးတွေလျှောက်ထည့်ပြီးတော့ ကိုယ်ထင်ရာထည့်ပြီးတော့ ဘေးမှာ Note တွေ လိုက်ရေးတာ ကမ္ဘာကြီးက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့ အဲလိုမျိုး ပေါက်ကရလေးတွေလိုက်ဆွဲ ပြီးလို့ရှိရင် အဖေ့ကိုသွားပြတာတွေလည်း ရှိတယ်ပေါ့နော်။ နောက်ပိုင်းတော့ ကိုယ်ဘာသာကို လျှောက်ဆွဲနေတာပေါ့ ဝါသနာအရပဲ။

ဟုတ်ကဲ့။ အခုလိုမျိုး Animation ဇာတ်ကားတွေကလည်း အောင်မြင်လာပြီ ဆုတွေရလာပြီဆိုတော့ ဒါက အခုရတဲ့ဇာတ်ကားဆို ဒုတိယမြောက်နော်။ ရှေ့ပိုင်းမှာဆိုရင် ကျောင်းတက်ချင်တယ်ဆိုတဲ့ ဇာတ်ကားနဲ့ တစ်ခေါက် ရပြီးသား။ အဲဒီတော့ အဲလိုအောင်မြင်မှုတွေ ရလာတဲ့အခါမှာ ဆရာအော်ပီကျယ်ကရော အကို့ကို ဘာပြောလဲ။

အဖေ့အနေနဲ့ကတော့ ဝမ်းသာတယ်ပေါ့နော်။ ဒါပေမယ့် သူက ဘယ်လိုခေါ်မလဲ ဒီအပေါ်မှာတော့ အရမ်းကြီး မနစ်မွန်းစေချင်ဘူ။ ဘယ်လိုခေါ်မလဲ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်ဆိုတာမျိုးပေါ့။ ဘယ်လောက်ပဲအောင်မြင်မှုတွေရရ ဆက်လုပ်ရမှာတွေ လိုအပ်ချက်တွေက အများကြီးရှိသေးတယ်။ ဘာတွေလိုအပ်သေးတယ်ဆိုတာတွေ သူကတော့ အဲလိုမျိုး ရှေ့ဆက်လုပ်ဖို့ ဆက်ပြီးတော့ တိုးတက်ဖို့ကိုပဲ သူကတော့ မျှော်လင့်တယ်။

အခြားမိသားစုဝင်တွေအကြောင်းလည်း ပြောပြပေးပါဦး။

ကျွန်တော့်မှာ မောင်နှမသုံးယောက်ထဲမှာ အကိုရှိတယ်။ အမရှိတယ်။ အမကတော့ ငယ်ငယ်လေးကတည်းက သူလည်း ပုံဆွဲတယ်။ ဒါပေမယ့် ကြီးလာတော့ သိပ်မဆွဲတော့ဘူး စီးပွားရေးအပိုင်းကို သွားတယ်ပေါ့နော်။ ကျွန်တော့အကိုကတော့ ကျွန်တော်နဲ့ ငယ်ငယ်လေးကတည်းက ပုံဆွဲဖော် ပုံဆွဲဖက် အခုချိန်ထိ ဆွဲတုန်းပဲ။ အခုဆိုရင် သူ ပုံဆွဲတဲ့ အခြားမိတ်ဆွေတွေနဲ့ ပေါင်းပြီးတော့ ကုမ္ပဏီတစ်ခုတောင် ထောင်ထားတယ်။ ကုမ္ပဏီအသေးလေးပေါ့။ စတူဒီယို ပုံစံမျိုးလေးပေါ့။ Animation Studio လေး လုပ်ထားတယ်။ ပြီးတော့ အရေးကြီးဆုံးကတော့ အမေပဲ။ အဖေ့အတွက်ဆိုရင် အဖေ့ရဲ့အမျိုးသမီး ကျွန်တော်အတွက်ဆို အမေပေါ့။ သူကတော့ တကယ်ကို မိသားစုတွေအတွက်ကို သူ့ဘဝကြီးကို ရင်းပြီးတော့ မြှုပ်နှံပြီးတော့ ပံ့ပိုးပေးတယ်။ တကယ့် နောက်ကွယ်က သူရဲကောင်းကြီးပေါ့နော်။

အဲဒီတော့ ရှေ့ဆက်ပြီးတော့ဆက်လုပ်မယ့် အစီအစဉ်လေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ရှေ့ဆက်ကတော့ Animation ကတော့ ကျွန်တော်လုပ်ချင်တဲ့အပိုင်းတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အဓိကက အချိန် သိပ်ပြီးတော့ မပေးနိုင်ဘူး ဖြစ်နေတယ်ပေါ့နော်။ အချိန်သိပ်မပေးနိုင်တော့ နည်းနည်းတော့ မာန်လျော့ရတာလေးတွေတော့ ရှိတယ်။ အခုဆို စိတ်ထဲမှာ တစ်ခု လုပ်ချင်တာ ကြီးကြီးမားမားတစ်ခုရှိတယ်။ ဘယ်တော့လုပ်ဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။

အဲတော့ အမျိုးသမီးတွေအတွက် အကို ဘယ်လိုစကားတွေ ပြောချင်သေးလဲ။ အကို့ရင်ထဲမှာ ပြောချင်တာရှိရင်လည်း ပြောလို့ရပါတယ်။

အမျိုးသမီးတွေအတွက် အမျိုးသားတစ်ယောက်အနေနဲ့ ပြောရတာတော့ တစ်မျိုးတော့ တစ်မျိုးကြီးပေါ့နော်။

အမျိုးသမီးနဲ့ အမျိုးသားကြားထဲမှာပေါ့နော် ရင်ဘောင်တန်းသင့်တယ် တန်းတူညီတယ်ဆိုတာလည်း ရှိသင့်တယ်။ ဒါပေမယ့် တန်းတူညီလို့မရတာတွေ ရင်ဘောင်တန်းလို့မရတာတွေလည်း ရှိတယ်။ ဒါကတော့ သဘာဝက ခွဲခြားထားပြီးသားပါ။ ဆိုတော့ ဒီသဘာဝရဲ့ ခွဲခြားမှုအောက်ကနေ ဒီသဘာဝရဲ့ လိုက်လျောညီထွေ သွားလာမှုတွေ ဒီ သဘာဝနဲ့ သွေဖယ်ပြီးတော့ လူတွေ တစ်ယောက်နဲ့တစ်ယောက် သွေဖယ်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေ ခွဲခြားဆက်ဆံတာတွေ ဒါမျိုးလေးတွေလည်း တတ်နိုင်သရွေ့ လျော့ပါးလာမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒီ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်က အမျိုးသမီးဖြစ်နေလို့ဆိုပြီးတော့ဘဝကြီးကို အရှုံးမပေးစေချင်ဘူး။ ကိုယ့်အိပ်မက်တွေ ကိုယ်ဖြစ်ချင်တာတွေကို အားလုံး လုပ်နိုင်မယ်လို့ ယုံယုံကြည်ကြည်နဲ့ ဘဝကြီးကို ကြိုးစားသွားကြစေချင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required