ရီးယဲလ်နှင့်ဘာစီလိုနာတို့မှ ကမ်းလှမ်းလာခဲ့လျှင် အသင်းပြောင်းရန် စဉ်းစားမည်ဟု မာရက်ဇ်ဝန်ခံ

ရီးယဲလ်နှင့်ဘာစီလိုနာတို့မှ ကမ်းလှမ်းလာခဲ့လျှင် အသင်းပြောင်းရန် စဉ်းစားမည်ဟု မာရက်ဇ်ဝန်ခံ

သြဂုတ် ၁၇၊ အင်္ဂလန် ။               ။ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း၏ အဓိကတောင်ပံ တိုက်စစ်ကစားသမား မာရက်ဇ်က ဘာစီလိုနာအသင်းနှင့် ရီးယဲလ်အသင်းတို့ကသာ ကမ်းလှမ်းလာခဲ့လျှင် ငြင်းဆန်ရန်ခက်ခဲသည်ဟု ဝန်ခံပြောဆိုလိုက်သည်။

ယမန်နှစ်က လက်စတာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်၏တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သောကြောင့်  မာရက်ဇ်ကို ဥရောပထိပ်သီးအသင်းကြီးများက စိတ်ဝင်စားခဲ့ကြသည်။

လက်ရှိအချိန်တွင် အာဆင်နယ်အသင်းက မာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းနေပြီး ချယ်လ်ဆီးကလည်း ၎င်းကို ကြားဖြတ်ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

သို့သော် မာရက်ဇ်က ‘ပရီးမီးယားလိဂ်ပြိုင်ပွဲက အကောင်းဆုံးပြိုင်ပွဲတစ်ခုပါပဲ။ အင်္ဂလန်မှာ ဖြစ်နိုင်သလောက် အချိန်ကြာကြာ ကစားသွားလိုပါတယ်။ ဒါပေမဲ့ ကျွန်တော်အတွေးတွေကို ပြောင်းလဲ သွားအောင် လုပ်နိုင်တဲ့အသင်းက နှစ်သင်းသုံးသင်း ရှိနေပါတယ်။ ကျွန်တော်ဘာပြောချင်တယ်ဆိုတာကို နားလည်ကြမယ်လို့ ထင်ပါတယ်’ ဟု ပြောသည်။

ထို့အပြင် မာရက်ဇ်က လက်စတာအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ်မရရှိနိုင်တော့ကြောင်းကို သူတို့အားလုံး နားလည်သိရှိကြောင်း ပြောဆိုခဲ့သည်။

Ref: Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required