မန်စီးတီးအသင်းတွင်သာ ယာယာတိုရေး ဆက်ရှိနေမည်

မန်စီးတီးအသင်းတွင်သာ ယာယာတိုရေး ဆက်ရှိနေမည်

သြဂုတ် ၁၆၊ မန်ချက်စတာ ။        ။ ဆန်းဒါးလန်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်နှင့် ချန်ပီယံလိဂ်ခြေစစ်ပွဲအတွက် ဘူခါရက်သို့သွားရောက်သည့် မန်စီးတီးအသင်းတွင် ပါဝင်ခွင့် မရခဲ့သော်လည်း  အသင်းပြောင်းရွှေ့မည်  မဟုတ်ကြောင်း ယာယာတိုရေးက ပြောဆိုလိုက်သည်။

နည်းပြသစ်ဂွါဒီယိုလာ၏ အစီအစဉ်တွင် ပါဝင်ခွင့်မရသေးသော်လည်း ဇန်နဝါရီလအထိစောင့်ကြည့်သွားမည် ဖြစ်ကြောင်းလည်း ယာယာတိုရေးဘက်မှ ပြောဆိုခဲ့သည်။ ၎င်း၏စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့သည့်အတွက် လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းနိုင်မည် ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ယာယာတိုရေးမှာ အကောင်းဆုံးပုံစံတွင်ရှိနေသေးပြီး လက်ရှိတွင် ပွဲကစားရန် ကြံ့ခိုင်မှု ပြည့်ဝနေကြောင်း အေးဂျင့်ဖြစ်သူ ဆီလက်က ပြောသည်။

‘ဆန်းဒါးလန်းနဲ့ပွဲမှာ ယာယာတိုရေး မပါခဲ့သလို ဘူခါရက်ကိုသွားမယ့်အသင်းမှာလည်း ပါဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့အတွက် ြပြဿနာမရှိပါဘူး ။ အဆင်ပြေပါတယ်။ လက်ရှိ ကြံ့ခိုင်မှု အခြေအနေကလည်း  ကောင်းနေပြီး  ပွဲကစားဖို့ အသင့်ပါပဲ။

လက်ရှိဖြစ်စဉ်တွေက ယာယာတိုရေးအတွက် အရမ်းကောင်းပါတယ်။ သူက အံ့သြစရာကောင်းတဲ့ ကစားသမားအဖြစ် ရှိနေဆဲဆိုတာ လေ့ကျင့်ရေးကွင်းမှာ ဒါမှမဟုတ် ပြိုင်ပွဲတွေမှာ သက်သေပြ ပါလိ့မ်မယ်။ အပြောင်းအရွှေ့ကိစ္စကို လုံးဝပြောမှာ မဟုတ်ပါဘူး။ မန်စီးတီးမှာပဲဆက်နေပြီး တိုက်ပွဲဝင်သွားမှာပါ။

ဂွါဒီယိုလာက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြတစ်ဦးပါ။ ယာယာတိုရေးအနေနဲ့ မန်စီးတီးအတွက် ကစားပေးဖို့ လုံလောက်တဲ့ အစွမ်းရှိနေသေးတာကို ဂွါဒီယိုလာက သက်သေပြခွင့်ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်’ ဟု အေးဂျင့် ဆီလက်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးစတား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly