ခဲပုံကြမ်းမှ ရေဆေးပန်းချီအဖြစ် ရေးဆွဲထားသည့် ပန်းချီပြပွဲတစ်ခု ကျင်းပ

ခဲပုံကြမ်းမှ ရေဆေးပန်းချီအဖြစ် ရေးဆွဲထားသည့် ပန်းချီပြပွဲတစ်ခု ကျင်းပ

ရန်ကုန် ၊ သြဂုတ် ၁၅ ။              ။ ခဲပုံကြမ်းပန်းချီမှ ရေဆေးအဖြစ် ရေးဆွဲထားသည့် ပန်းချီပြပွဲတစ်ခုကို ရေးဗားဧရာဝတီ ပန်းချီပြခန်းတွင်သြဂုတ်လ ၁၅ရက်နေ့မှ စတင်၍ သုံးရက်တိုင် ပြသနေကြောင်း သိရသည်။

 အဆိုပါ ရေဆေးပန်းချီပြပွဲတွင် ပန်းချီဆရာကြီးများဖြစ်သည့် ဦးဇော်ဝင်း၊ ဦးခင်မောင်စန်း၊ ဦးမာလာ တို့ ရေးဆွဲထား သည့် ရေဆေးပန်းချီကား ၁၀၀ ကို ခင်းကျင်းပြသထားခြင်း ဖြစ်သည်။

ပြပွဲတွင် ပြသထားသည့် ရေဆေးပန်းချီကားများသည် ဆရာကြီး ဦးဇော်ဝင်း ထွက်ရှိထားသည့် ခဲပုံကြမ်း (၁၀၀) ပန်းချီ စာအုပ်ထဲမှ ခဲပုံကြမ်းများအား ရေဆေးပန်းချီကားအဖြစ် ပြန်လည်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ခဲပုံကြမ်းမှ  ရေဆေးအဖြစ် ပြောင်းလဲရာတွင် ကြုံတွေ့ရသည့် သဘောသဘာဝများကို ပညာဖြန့်ဝေချင်သည့်အတွက် ပြ ပွဲအဖြစ် ပြသရကြောင်း ဦးဇော်ဝင်းက ပြောသည်။

"ခဲကနေ ရေဆေးကိုပြောင်းရင် ဘယ်လိုအရသာပြောင်းလဲဆိုတာကို ဝါသနာပါတဲ့သူတွေကို ဒီမှာ တင်ပြပေးထားတဲ့ သဘောပေါ့နော်။ ခဲတုန်းက ပုံစံတစ်မျိုး ခဲကျ ခဲအရသာပေါ့ နောက်က နည်းနည်းဖြူထားမယ် ရှေ့ကျ ရင့်ထား မယ်ဆို ရင် အရင့်လေးက နောက်ကအဖြူမှာပေါ်တယ်ပေါ့၊ နောက်ကရင့်ထားမယ်ဆို ရှေ့ကျ ဖြူထားမယ်၊ ခဲက အဲ့လိုမျိုးပေါ့ ။ ရေဆေးကျတော့ အဲ့လိုမဟုတ်တော့ဘူး။ အလင်းအမှောင်လည်း ချိန်ရတယ်၊ အရောင်လည်းချိန်တယ်၊ ရေးချက်လည်း ချိန်ရတယ်ပေါ့ ၊ အဲ့လိုလေးတွေကစားထားတာကို တင်ပြထားတာပါ" ဟု ဦးဇော်ဝင်းက ပြောသည်။

ပန်းချီကားများအား တစ်ကားလျှင် တစ်သိန်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး သြဂုတ်လ ၁၅၊ ၁၆၊ ၁၇ ရက် သုံး ရက် ဆက်တိုက် ခင်းကျင်းပြသသွားမည်ဖြစ်သည်။

 ခဲပုံကြမ်းမှ ရေဆေးပန်းချီအဖြစ် ပြောင်းလဲရေးဆွဲကြည့်တဲ့အခါမှာ ထွက်လာသည့် ရေဆေးပန်းချီကားများသည် ရသ တစ်မျိုး ပေးနိုင်ကြောင်း ပါဝင်ရေးဆွဲသူ ပန်းချီဆရာ ဦးမာလာက ပြောသည်။

"ခဲပုံကြမ်းတစ်ခုကို တွေ့လိုက်တာနဲ့ ဘယ်အရောင်အုပ်စုနဲ့ရေးမလဲ။ ဘယ်ရာသီဥတုမျိုးနဲ့ ရေးရင်ကောင်းမလဲဆိုတာ ပန်းချီဆရာက စဉ်းစားရတာလေ။ အဲ့တော့ ဒီကားလေးတွေကို ကြည့်လိုက် တစ်မျိုးစီရဲ့ အရသာလေးတွေ ရှိပါတယ်။ အဲ့ဒါကို ကိုယ့်က ပုံဖော်ပြီးရေးလိုက်တယ်။ လွတ်လည်းလွတ်လပ်တယ်"ဟု ဦးမာလာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly