ပါလာသမျှ အဝတ်အစားများကို အဆင့်ဆင့်ထပ်၍ ဝတ်ခဲ့သည့် အဆိုတော်ဂျိမ်းစ်မက်ကယ်လ်ဗာ လေယာဉ်ပေါ်တွင် မူးလဲ

ပါလာသမျှ အဝတ်အစားများကို အဆင့်ဆင့်ထပ်၍ ဝတ်ခဲ့သည့် အဆိုတော်ဂျိမ်းစ်မက်ကယ်လ်ဗာ လေယာဉ်ပေါ်တွင် မူးလဲ

လန်ဒန်၊ ဇူလိုင် ၁၀ ။     ။ စကော့တလန် Rewind လူငယ်အမျိုးသား ဂီတအဖွဲ့မှ အဆိုတော် ဂျိမ်းစ်မက်ကယ်လ်ဗာ သည် လေယာဉ်ပေါ်သို့ ပစ္စည်းများများ သယ်၍ မရသဖြင့် ပါလာသမျှ အဝတ်အစားများကို အဆင့်ဆင့် ထပ်၍ ဝတ်ဆင်ခဲ့ရာ Easyjet လေကြောင်းလိုင်း၏ လေယာဉ်ပေါ်အရောက်တွင် မူးလဲသွားခဲ့သည်။ အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းကာ မူးလဲသွားခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

သူ အပိုယူလာခဲ့သော ခရီးဆောင်အိတ်နှင့်ပတ်သက်၍ လေကြောင်းလိုင်းဝန်ထမ်းများနှင့် အငြင်းပွားမှှု ဖြစ်ပွားခဲ့ပြီးနောက် အပိုအိတ်အတွက် အခကြေးငွေ မပေးလိုသော ဂျိမ်းစ်မက်ကယ်လ်ဗာ သည် ဦးထုပ်နှစ်လုံး၊ ဘောင်းဘီရှည်ငါးထည်၊ တီရှပ်ခြောက်ထည်၊ သိုးမွေးဆွယ်တာ လေးထည်နှင့် အခြားအနွေးထည် နှစ်ထည်တို့ကို ထုတ်၍ အဆင့်ဆင့်ထပ်ကာ ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပေါ်သို့ အရောက်တွင် ထိုအပိုအဝတ်အစားများကို ပြန်ချွတ်ခဲ့သော်လည်း သတိလစ် သလို ဖြစ်သွားခဲ့ကြောင်းနှင့်ဆေး ပညာ ကျွမ်းကျင်သူတစ်ဦးက သူ့အား အကူအညီ ပေးခဲ့ရကြောင်း ဂျိမ်းစ်မက်ကယ်လ်ဗာက ဆိုသည်။

“သေရတော့မယ်လို့တောင် ကျွန်တော် ထင်ခဲ့တာပါ။ ရုတ်တရက် နှလုံးဖောက်တာလို့လည်း ကျွန်တော်ထင်လိုက်ပါသေးတယ်” ဟု သူက ပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required