အလှူရေစက် ဆယ့်နှစ်လရာသီ

အလှူရေစက် ဆယ့်နှစ်လရာသီ

ရေကြီးချက်ကတော့ဖြင့် ကမ်းကိုကုန်ရောပဲ။ အရင်ခေတ်တုန်းက ခေါင်းဆောင်ကြီး (အခု စာဖတ်နေသူကြီး) ပြောပြောနေတတ်တဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးဆိုသလို တစ်နိုင်ငံလုံးအကြားအလပ်မရှိ ရေကြီးနေပါပြီ။ ဒေသအတော်များများက မြစ်ရေလျှံပြီး ရေကြီးကြတယ်။ မောင်မှန်တို့ ရန်ကုန်ကလည်း ဘယ်ရမလဲ၊ မြောင်းရေလျှံတာနဲ့တင် အားကျမခံ ရေးကြီးပစ်လိုက်တယ်။ ရန်ကုန်မှာ ရေစီးရေလာကောင်းအောင်တော့လည်း လုပ်နေတယ်ဆိုတာပဲ။ မြောင်းတွေဖော်နေတာလည်း မြင်တာပါပဲ။ ခုထိတော့ မထူးသေးဘူး။ တစ်နေ့နေ့တော့ ထူးမှာပါလေ။ အော်..... တကယ်တော့ ရန်ကုန်ရေကြီးတယ်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ တကယ်ရေကြီးတဲ့နေရာတွေနဲ့ မနှိုင်းကောင်း နှိုင်းကောင်း မောင်မှန် နှိုင်းမိတာ ခွင့်လွှတ်ပါ။ တကယ်ရေကြီးတဲ့နေရာတွေက နာဂစ်စံချိန်ကို ရိုက်ချိုးပစ်လိုက်တဲ့ သဘောတောင် ရှိတယ်။ ဒုက္ခရောက်လိုက်ကြတာ၊ နွေတုန်းက နွေမို့ ရေမရှိ။ ရေပြတ်တဲ့ ရေဘေးဒုက္ခ၊ မိုးကလေး နည်းနည်းကျလိုက်တာနဲ့ ရေကြီးရေလျှံတဲ့ ရေဘေးဒုက္ခ မောင်မှန်တို့ ပြည်သူတွေ ခံကြရတယ်။ ဒီလို သဘာဝဘေးအန္တရာယ်တွေဆိုတာ အတိတ်ကံကြောင့် မကောင်းရုံ သက်သက်တော့   ရောက်လာကြတာ မဟုတ်ပါဘူး။ နာဂစ်အလွန် ပြည်သူတွေ ဒုက္ခတွင်း နက်နေတုန်းက ကိုယ်တော်တစ်ပါးဟောတဲ့ တရားကို သတိရမိရဲ့။ လောဘကြီးလို့   လေတိုက်တာ။ ဒေါသကြီးလို့ ရေကြီးတာ၊ နာဂစ်ဟာ ပြည်သူတွေရဲ့ လောဘ၊ ဒေါသတွေ ကြီးမားလို့ ဖြစ်ရလေဟန် ပြောမှ ပြောရက်လေတယ်။ တကယ့်အကြောင်းအရင်းတွေကို မသိတာလား၊ သိလို့ပဲ တမင် လမ်းလွှဲပေးတာလား မောင်မှန် မပြောတတ်ပါဘူး။ ထင်းတွေခုတ်လို့ သစ်တောတွေပြုန်းရတယ်ဆိုတဲ့ ဝန်ဟောင်းတစ်ပါးရဲ့ စကားနဲ့တော့ သရေလောက် သွားတိုက်မယ် ထင်ပါတယ်ခင်ဗျာ။

လောဘကြီးလို့ဆိုတာတော့ ဟုတ်သလောက် ဟုတ်တယ်။ ပြည်သူ့လောဘတော့ မဟုတ်ဘူး။ တစ်ချိန်က စစ်အစိုးရနဲ့ သူ့အသိုင်းအဝိုင်းရဲ့ လောဘ၊ မတရားကြီးကြတာကလား၊ ခုတ်လိုက်တဲ့တော၊ ရောင်းလိုက်တဲ့ သစ်၊ သူတို့အဖို့ နောက်ဆယ်ဘဝစာမက တိုင်းပြည်သယံဇာတနဲ့ လောဘတကြီး စီးပွားရှာခဲ့ကြတယ်။ ဒီဒဏ်ကို ခံရတော့ တစ်တိုင်းပြည်လုံးပဲ။ သူတို့ကလည်း ဒီအတိုင်းကြီးတော့ ကြည့်မနေရှာပါဘူး။ ပြန်ပြီး လှူကြ တန်းကြပါတယ်။ တမူးရလို့ တစ်ပဲလှူဆိုတာ ကြားဖူးတယ်မို့လား။ အဲဒါမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒေါ်လာရလို့ ကျပ်ပြားလှူပေါ့။ သူတို့လုပ်ငန်း ဒေါ်လာတွေနဲ့ ရခဲ့ကြတာ။ တစ်ဒေါ်လာရတိုင်းရတိုင်းမှာ ရေဘေးအတွက် တစ်ကျပ်တစ်ကျပ် သပ်သပ်ဖယ် လှူကြပါတယ်။ အခု သစ်မခုတ်ရတော့လို့ သစ်ကလည်း မရှိတော့လို့ ဝင်ငွေက ရှိတော့တာ မဟုတ်ဘူး။ ရှိစုမဲ့စုလေးထဲက ဖဲ့ဖဲ့ပေးနေရတာ။ နောက်ပြီး ရေကလည်း နှစ်တိုင်းကြီးမှာဆိုတော့ ရှေ့နှစ်တွေအတွက်လည်း အမြှော်အမြင်ရှိရှိ ချန်ထားရသေးတယ်။

သူတို့အလုပ်က မဆိုးဘူး။ အနိပ်သားနော်။ တိုင်းပြည် သယံဇာတတွေကို ထင်တိုင်းကျဲချင်သလို ကျဲခဲ့ကြ။ အများဒုက္ခရောက်တော့ ခြောက်ပြားတစ်ပဲ ပြန်လှူကြ။ သတင်းစာ ဂျာနယ်တွေမှာ မျက်နှာဖုံးသတင်းတွေအဖြစ် ဖော်ပြခံကြရ။ ရုပ်မြင်သံကြားမှာ ဇောတိက၊ ဇဋိလ သူဌေးကြီးတွေ ဂိုက်မျိုးနဲ့ ခန့်ခန့်ကြီးတွေ ပြုံးပြကြ။ နောက်ဆုံး နိုင်ငံတော်က ချီးမြင့်တယ်ဆိုတဲ့ မဟာ့မဟာ အလှူရှင်ဘွဲ့ထူး ဂုဏ်ထူးကြီးတွေ ထပ်ရကြ။ စီးပွားရေး အခွင့်အလမ်းသစ်တွေ ထပ်မံပွင့်လန်းကြနဲ့ ပျော်စရာကြီးပဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ရုံတင် မဟုတ်။ ငါးသလောက်တွေရော၊ ငါးသလဲထိုးတွေရော၊ ကကတစ်တွေရော အကုန်ကြော်ရတာ။ တစ်ချက်ခုတ် လေးချက်လောက်ပြတ်တာ။

မောင်မှန်တို့ တိုင်းပြည်က ပြည်သူအများစုက ဆင်းရဲပြီး ဗဟုသုတလည်း နည်းရှာတော့ ခရိုနီတွေကို တကယ့် ကျေးဇူးရှင်ကြီးတွေအဖြစ် အသိအမှတ် ပြုမှုကိုလည်း မုန့်ဟင်းခါးဟင်းရည် အဆစ်ရသလို ခရိုနီတွေက အဆစ်ရသွားကြသေးတယ်။ ဂလောက်ကောင်းတဲ့အလုပ်မျိုး ဘယ်ကမ္ဘာမှာမှ လိုက်မရှာနဲ့၊ ဗမာတစ်နိုင်ငံထဲမှာပဲ ရှိတာသေချာတယ်။ ပြည်သူတွေဘက်ကပါဆိုတဲ့ ဒီမိုကရေစီတွေပါဆိုတဲ့ သူ့အချို့ကလည်း ခရိုနီတွေအပေါ် သူတို့သဘောထားကို ခုလို ဖော်ထုတ်ကြသေးရဲ့။ ခရိုနီဖြစ်ဖြစ် ဘာဖြစ်ဖြစ် လှူရင် ယူရမှာပဲတဲ့။ အကျိုးရှိအောင် သုံးရမှာပဲတဲ့။ ဟုတ်ပါပြီ။ ယူပါ။ သုံးပါ။ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ ဇာစ်မြစ်ကိုလည်း ရဲရဲတင်းတင်း ဖော်ထုတ်ရဲဖို့တော့ လိုတာပေါ့။ တာဝန်ရှိသူက တာဝန်ခံရမယ်ဆိုတာကိုလည်း ပြောရဲဖို့တော့ လိုတာပေါ့။ ပြည်သူ့အိတ်ထဲက အဓမ္မနှိုက်ယူထားတဲ့ သန်းပေါင်းများစွာထဲက တစ်ကျပ် တစ်ပြား ပြန်သနားတာဟာ ကျေးဇူးရှင် မမည်သလို၊ အသိအမှတ် ပြုစရာလည်း မလိုပါဘူး။

ခရိုနီတွေက အလှူရှင်ကြီးတွေဖြစ်နေတော့ ပြည်သူတွေကလည်း အလှူရှင်လေးတွေလောက်တော့ ဖြစ်ရတော့တာပေါ့။ နာဂစ်အလွန်ကာလတွေလိုပဲ ပရဟိတအဖွဲ့တွေ၊ ကျောင်းသား ပြည်သူတွေ အတော်များများ အလှူခံဗီနိုင်းတွေနဲ့ အလှူခံဗုံးတွေ ခွက်တွေ ကိုင်ပြီး လမ်းမတွေပေါ် ပြန်လည်ရောက်ရှိကြရပြန်ပါပြီ။ ကားဂိတ်တွေ၊ ခုံးတံတားအောက်တွေ လမ်းဆုံလမ်းခွတွေ လူစည်ကားရာနေရာတွေမှာ ရေဘေးအတွက် အလှူခံပါတယ်ရှင်/ ခင်ဗျာဆိုတဲ့ အသံတွေလည်း စည်စည်သာသာ ကြားနေရပါပြီ။ ခုတစ်ခေါက် ပိုထူးခြားတာက ဂီတအဖွဲ့တွေနဲ့ အလှူခံတာ ပိုများလာတာပဲ။ မိဘပြည်သူတွေခမျာလည်း တစ်မူးရလို့ တစ်ပဲမက လှူကြတန်းကြပါတယ်။ အလှူရေစက် လက်နဲ့မကွာဆိုတဲ့ စကားဟာ မောင်မှန်တို့ လူမျိုးအတွက် ကွက်တိပဲ။ တစ်ကြောင်းမဟုတ် တစ်ကြောင်းနဲ့ လှူနေကြရတယ်။ အလှူခံနေကြရတယ်။

သဘာဝဘေးတွေကလည်း စိတ်မအေးဖွယ်ရာပဲ။ ဗမာပြည်ကို အလည်လာဖို့ တန်းစီးနေကြတာ မနည်းဘူး။ သူတို့အတွက် Visit Myanmar Year များ ကျနေတာပဲ။ ငလျင်ကြီးတစ်ခုကလည်း လာနိုင်သေးတာတဲ့။ မိုးလွန်ကာလ မုန်တိုင်းကလည်း ရှိသေးသတဲ့။ ဆောင်းရောက်တော့လည်း လာနီညာတဲ့။ အယ်နီညိုကတော့ နွေတုန်းက တစ်ကြောပြီးသွားပြီ။ ပြည်သူတွေကလည်း သူ့လောက်တော့ စာမဖွဲ့တော့ဘူး။ ခံရတာလည်း များလှပြီမို့လား။ ဒါပေမယ့် အဲဒီ သဘာဝဘေးဒဏ်တွေ (လူတွေရဲ့ လောဘကြောင့် ဖြစ်ရတာတွေရောပေါ့)ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာမှာ။ သက်သာသွားမှာ မဟုတ်ဘူး။ ခိုင်မာပြတ်သားတဲ့ ပေါ်လစီတွေ ချမှတ်ပြီး မကာကွယ် မတားဆီးနိုင်ရင် အဲဒီဒဏ်တွေအောက်မှာ တိုင်းပြည်ဟာ နလန်ထူတော့မှာ မဟုတ်ဘူး။

ပြဿနာတိုင်းဟာ အလှူခံ ဖြေရှင်းရုံနဲ့ ပြီးနိုင်တာမဟုတ်ပါဘူး။ ဒါဟာ ဆေးမြီးတိုပါ။ ရေတိုနည်းပါ။ အခုဆို နှစ်တိုင်းဖြစ်တော့မယ့်သဘော တွေ့နေရပါပြီ။ နှစ်တိုင်း အလှူခံကြရတော့မှာလား။ ဒီကြားထဲမှာ တောကြောင် အလှူခံတွေကလည်း ရှိပါသေးတယ်။ အလှူခံဝန်ကြီးဌာဆိုပြီး အသစ်ဖွင့်ကြည့်ရင် ဘယ်လိုနေမယ် မသိဘူး။ အစိုးရက ပူးပေါင်းပါဝင်တဲ့ သဘောပေါ့လေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly