MNL ပွဲစဉ် (၂၁) မှာ နိုင်ပွဲမရခဲ့တဲ့ ဆောက်သမ်းမြန်မာ တန်းဆင်းရန် သေချာသလောက်ဖြစ်

MNL ပွဲစဉ် (၂၁) မှာ နိုင်ပွဲမရခဲ့တဲ့ ဆောက်သမ်းမြန်မာ တန်းဆင်းရန် သေချာသလောက်ဖြစ်
(ဓာတ်ပုံ - အီးပီအေ)

သြဂုတ်လ (၁၃)၊ (၁၄) ရက်တွေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၁) များမှာ ရန်ကုန်ယူနိုက်တက်က ဇွဲကပင်အသင်းကို အနိုင်ရရှိပြီး ရမှတ် (၃၆) မှတ်နဲ့ ဒုတိယနေရာမှ မကွေးကို ဖိအားပေးနိုင်ခဲ့ပေမယ့် ဒုတိယနေ့ ပွဲစဉ်များမှာတော့ သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့ပါတယ်။

ပထမနေ့ပွဲစဉ်ထဲမှ ရန်ကုန် ယူနိုက်တက်က ပွဲချိန် (၈၉) မိနစ်မှာ ခံစစ်မှူး ဇော်မင်းထွန်းက အဖိုးတန် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းတာကြောင့် ဇွဲကပင်အသင်းကို (၂-၃)ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် အနေနဲ့ ဦးဆောင်ဂိုး နှစ်ဂိုးကို ကျော်ကိုကိုက (၆) မိနစ်နှင့် အက်ဒီလ်ဆင်က (၁၆) မိနစ်များမှာ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

(၇၅) မိနစ်တွင် ရန်ကုန် ယူနိုက်တက် အသင်းခေါင်းဆောင် ရန်အောင်ကျော် ဇွဲကပင်အသင်း၏ တိုက်စစ်ကို ဟန့်တားရင်း ဘောလုံးကို လက်ဖြင့် ပုတ်ခဲ့သောကြောင့် တိုက်ရိုက် အနီကတ်ပြထုတ်ပယ်ခြင်း ခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရသည်။

ဇွဲကပင်အသင်းက ချေပဂိုးနှစ်ဂိုးကိုတော့ တင်ဝင်းအောင်က ပွဲချိန် (၁၈) မိနစ်နှင့် တိုက်စစ်မှူး ကန်က ပင်နယ်တင်မှ တဆင့် (၇၅) မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။

ဧရာဝတီအသင်းက ဇေယျာရွှေမြေကို (၃-၁) ဂိုးနဲ့ အနိုင်ရခဲ့သလို ဇယားထိပ်က ရတနာပုံက ဟံသာဝတီအသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး (၅၁) မှတ်နဲ့ ဦးဆောင်နေပါတယ်။

ဒုတိယနေ့ပွဲစဉ်များမှာတော့ တောင်ကြီးကွင်းမှာ ယှဉ်ပြိုင် ကစားသွားကြတဲ့ ရှမ်းယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ရဲ့ ပွဲစဉ်၊ သုဝဏ္ဏကွင်းမှ ချင်းယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာအသင်းတို့ရဲ့ ပွဲများမှာ တစ်ဘက်နှင့်တစ်ဘက် ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ဂိုးမရှိ သရေကျခဲ့သလို အောင်ဆန်းကွင်းမှ ဟော်ရီဇုန်နှင့် ရခိုင်ယူနိုက်တက်တို့ပွဲမှာလည်း တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဆောက်သမ်းမြန်မာအသင်းအနေနဲ့ ချင်းယူနိုက်တက်ကို သရေတစ်မှတ်သာ ရရှိခဲ့တာကြောင့် တန်းဆင်းဖို့ သေချာသလောက် ဖြစ်ခဲ့ပါတယ်။

ရခိုင်ယူနိုက်တက်အသင်းက ဟော်ရီဇုန်အသင်းကို သရေကျကစားနိုင်ခဲ့လို့ ရခိုင်ယူနိုက်တက်ဟာ ဆောက်သမ်းမြန်မာအသင်းအထက် (၃) မှတ်အသာ၊ ဂိုးကွာခြားချက် (၁၉)ဂိုး အသာနဲ့ တန်းဆင်းဇုန်မှ လွတ်မြောက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၂) ဖြစ်တဲ့ ရာသီသိမ်း ပွဲစဉ်များကို လာမယ့် သြဂုတ် ၂၀၊ ၂၁ ရက်များမှာ တောင်ကြီး၊ ရန်ကုန်၊ ပုသိမ်၊ မန္တလေး မြို့များ၌ ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၁) ရလဒ်များ

ဧရာဝတီ ၃-၁ ဇေယျာရွှေမြေ
ဇွဲကပင် ၂-၃ ရန်ကုန်ယူနိုက်တက်
ရတနာပုံ ၃-၁ ဟံသာဝတီ
ရှမ်းယူနိုက်တက် ဝ-၀ မကွေး
ဟော်ရီဇုန် ၁-၁ ရခိုင်ယူနိုက်တက်
ချင်းယူနိုက်တက် ဝ-၀ ဆောက်သမ်းမြန်မာ

ပွဲစဉ် (၂၁) ဇယားရပ်တည်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags