လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွင် အရင်းအမြစ်အဖြစ် ရေအားကို အဓိကထား သုံးစွဲမည်

လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွင် အရင်းအမြစ်အဖြစ် ရေအားကို အဓိကထား သုံးစွဲမည်
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော အစိုးရသစ်၏ ပထမရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ကျော်)

နေပြည်တော်၊ သြဂုတ် ၁၂ ။              ။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်အရ ထုတ်ယူသုံးစွဲနိုင်သည့် သယံဇာတ အရင်းအမြစ်များအနက် ရေအားကို အဓိကထား သုံးစွဲသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော အစိုးရသစ်၏ ပထမရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“သဘာဝဓါတ်ငွေ့ချည်းပဲ ကျွန်တော်တို့ အားကိုးလို့မရဘူး။ အရင်းအမြစ်ကလေးအနေနဲ့ရေအားကို တွဲဖက်သုံးရပါတယ်။ ရေအားက မဖြစ်မနေ ဆောင်ရွက်ပြီးမှ ကျွန်တော်တို့ ပြည်သူတွေ လိုအပ်တဲ့ လျှပ်စစ်မီးကို ရမှာ ဖြစ်ပါတယ်”ဟု ဦးထိန်လွင်က ပြောသည်။

ရေရှည် လျှပ်စစ်မီး ရဖို့အတွက် ရေအားအရင်းမြစ်ကို သုံးကိုသုံးရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ပါက အနည်းဆုံး ၈ နှစ်မှ ၁၀နှစ် ကြား ကြာမြင့်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံတွင် ဧရာတီ၊ ချင်းတွင်း၊ သံလွင် အစရှိသည့် မြစ်ကြီးများပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ဆောင်နိုင်သည့် နည်းလမ်းများရှိသော်လည်း   ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်ကာ ကန့်ကွက်မှုများ ရှိနေသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးအသုံးပြုမှုအများဆုံးဖြစ်သည့် ရန်ကုန်မြို့၏ နွေရာသီလျှပ်စစ်မီးလိုအပ်ချက်အတွက် ဆောင်ရွက်ရန် တင်ဒါခေါ်ထားသည်ဟုလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောသည်။

ကျေးလက်ဒေသမီးလင်းရေးနှင့် ပတ်သက်၍လည်း “World Bank (ကမ္ဘာဘဏ်) ချေးငွေ သန်း ၃၁၀ နဲ့ ကျေးရွာတွေကို မီးအရောက်ပို့ရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာရှိပါတယ်။ ရှိတဲ့အတွက်ကြောင့် နောင်လာမယ့် ၂၀၂၀ အတွင်း လာမယ့် ၅ နှစ်အတွင်း အိမ်ထောင်စုပေါင်း ၁.၇ သန်းကို ဓါတ်အားဖြန့်ဖြူးပေးနိုင်မှာပါ”ဟု ဦးထိန်လွင်က လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးရေးအပိုင်းကို ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက ရေအားအရင်းအမြစ်ထွက်ရှိရာဒေသမှာ မြောက်ဖျားနှင့် အရှေ့ပိုင်းဖြစ်ပြီး အဆိုပါ ဒေသများမှ ရေအားအရင်းအမြစ်ရရှိပါက လျှပ်စစ်ဓါတ်အား အပြည့်အဝသုံးစွဲနိုင်အောင် မဟာဓါတ်အားလိုင်းတွေ ပြေးဆွဲဖို့ စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးသည် လျှပ်စစ်ဓါတ်အားသုံးစွဲမှု အများဆုံးမြို့ကြီးတွေ ဖြစ်ပြီး ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးခန့် လျှပ်စစ်သုံးစွဲမှု ရှိကာ  မန္တလေးမြို့သည် တစ်နိုင်ငံလုံး၏   လေးပုံတစ်ပုံခန့် လျှပ်စစ်သုံးစွဲမှု ရှိသည်။ မြန်မာနိုင်ငံတွင်  အိမ်ထောင်စုပေါင်း ၁၀.၈ သန်းရှိသည့်အနက် မီးပေးနိုင်သည့် အိမ်ထောင်စုပေါင်းမှာ ၃.၈ သန်းသာ ရှိသေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly