မြန်မာ့ဂုဏ်ဆောင် စန်းယုထွေး တောင်ကိုရီးယား မြားပစ်မယ် ကီဘိုဘေးကို ရှုံးနိမ့်

မြန်မာ့ဂုဏ်ဆောင် စန်းယုထွေး တောင်ကိုရီးယား မြားပစ်မယ် ကီဘိုဘေးကို ရှုံးနိမ့်
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၆ ရီယို အိုလံပစ်ပြိုင်ပွဲမှာ မြန်မာမြားပစ်မယ် စန်းယုထွေးဟာ သြဂုတ်လ (၁၁) ရက်နေ့က (၁၆) ယောက်အဆင့်မှာ တောင်ကိုရီးယား ကစားသမား ကီဘိုဘေးကို (၆-ဝ) မှတ်ဖြင့် ရှုံးနိမ့်သွားခဲ့ကာ ကွာတားဖိုင်နယ်နဲ့ လွှဲချော်ခဲ့ရပါတယ်။

"အိုပံပစ်ချန်ပီယံ ကိုရီးယားမြားပစ်မယ်နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် ကျွန်မ အလွန်စိတ်လှုပ်ရှားခဲ့ရပါတယ်"လို့ စန်းယုထွေးက ပြောပါတယ်။

တောင်ကိုးရီးယား အားကစားမယ်တွေအပေါ် ဂုဏ်ယူ အားကျဖွယ်ရာအဖြစ် မြင်ခဲ့သလို တဖက်မှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အများကြီး ပြင်ဆင်ဖို့ လိုသေးကြောင်း စန်းယုထွေးက သုံးသပ်တာကို ဘီဘီစီမြန်မာပိုင်းမှာ ဖော်ပြထားပါတယ်။

"တခြားနေ့ ပွဲတွေနဲ့ ယှဉ်ကြည့်ရင်တော့ ဒီကနေ့ ကျွန်မရဲ့ စွမ်းဆောင်ရည်က အလွန်ဆိုးဝါးခဲ့ပါတယ်။ ဒါကလည်း အရမ်းစိတ်လှုပ်ရှားနေခဲ့လို့ဖြစ်ပါတယ်" သူမက ဆိုပါတယ်။

ပထမ Set မှာ စန်းယုထွေးက မြားနှစ်စင်းမှာ (၉-၁၀) ပစ်ထားနိုင်ခဲ့ပြီး ကီဘိုဘေက (၈-၉) ပစ်ခဲ့ပြီး မြန်မာမြားပစ်မယ်က ပွဲကို အကောင်းဆုံး စတင်ခဲ့ပါတယ်။ တတိယမြားမှာ ကီဘိုဘေးက (၉) ပစ်ခဲ့ပြီး စန်းယုထွေးက (၉) နဲ့ (၁၀) ရရင်အနိုင်ရ နိုင်မှာဖြစ်ပေမယ့် (၇)ဖြစ်သွားခဲ့လို့ ကီဘိုဘေးက (၂၇-၂၆)နဲ့ နိုင်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယ Set တွေမှာတော့ ကီဘိုဘေးက (၂၉-၁၇)၊ (၂၉ -၂၇)နဲ့နိုင်ပြီး ကွားတားဖိုင်နယ်တက်ခဲ့ပါတယ်။

"ကျွန်မရဲ့ နည်းစနစ် လွဲမှားခဲ့တယ်လို့ ခံစားရပါတယ်။ ဒါ့ကြောင့် ပြန်ပြင်ဖို့ ကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ စိတ်လှုပ်ရှားခဲ့ပါတယ်။"လို့ သူမက ပြန်ရှင်းပြပါတယ်။

"ကျွန်မ ဒီအဆင့်ထိ ရောက်ရှိလာနိုင်ပြီး အိုလံပစ်ချန်ပီယံနဲ့ တွေ့ဆုံတာကို ပျော်ရွှင်မိပါတယ်။ အဆင့်မြင့်ကစားသမားတွေဆီက သင်ကြားဖို့ အများအပြား ရှိပြီး ဒါဟာ ကောင်းမွန်တဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ဒီမှာ ယှဉ်ပြိုင်ရတာက ကျွန်မရဲ့ ပထဦးဆုံးအကြိမ်ဖြစ်ပါတယ်။ ၂၀၂၀ တိုကျိုအတွက် အကောင်းဆုံးဖြစ်ဖို့ ကျွန်မ ပြန်လာမှာဖြစ်ပြီး ပြည့်စုံဖို့အတွက် လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမှာပါ"လို့ စန်းယုထွေးက ပြောပါတယ်။

စန်းယုထွေးဟာ အိုလံပစ်ပြိုင်ပွဲမှာ မြားပစ် အားကစားမယ် (၆၄) ဦး ယှဉ်ပြိုင်ခဲ့ရာမှ အဆင့်သတ်မှတ်ချက် (၅၁) မှာ ရှိနေပေမယ့် အဆင့်မြင့်ပြိုင်ဖက်တွေဖြစ်တဲ့ ဖင်လန်က Taru Kuoppa ကို ပထမဆင့်မှာ အနိုင်ရကျော်ဖြတ်ခဲ့သလို (၃၂) ယောက်အဆင့်မှာလည်း အမေရိကန်မြားပစ်မယ် Mackenzie Brown တို့ကို အနိုင်ရခဲ့ကာ ယခုလို (၁၆) ယောက်အဆင့်ထိ တက်လှမ်းခဲ့တာဖြစ်ပါတယ်။

မြန်မာမြားပစ်မယ်ကို အနိုင်ယူခဲ့တဲ့ ကီဘိုဘေးဟာ ဆီမီးဖိုင်နယ်မှာ တစ်နိုင်ငံတည်းသူ ချန်ဟိုင်ဂျန်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။ ဖိုင်နယ်မှာ ချန်ဟိုင်ဂျန်က ဂျာမနီမြားပစ်မယ် လီဆာာအနူကို (၆-၂)နဲ့နိုင်ပြီး ရွှေတံဆိပ်ရရှိသွားခဲ့ပါတယ်။ ကီဘိုဘေးကတော့ မက္ကဆီကိုသူ ဗလန်စီယာကို နိုင်ပြီး ကြေးတံဆိပ်ဆုရခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၆ ရီယို အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အားကစား (၅) မျိုးအတွက် ကစားသမား (၇) ဦး ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပြီး မြားပစ်မယ် စန်းယုထွေးဟာ ထိုအထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Ref; world archery

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required