ဒီတစ်ချီ တွင်လည်း မြန်မာ စစ်ဗိုလ်ချုပ်တွေပဲ နိုင်လိမ့်မည် .... သို့သော်

ဒီတစ်ချီ တွင်လည်း မြန်မာ စစ်ဗိုလ်ချုပ်တွေပဲ နိုင်လိမ့်မည် .... သို့သော်

ဤသည်ပင် မြန်မာဗိုလ်ချုပ်ကြီးများအတွက် ဆင်ထားသည့် ကစားပွဲတစ်ခုပင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီး များကနောက်ဆုံး တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာလိုက်ကြရာ တစ်ခါက မြန်မာ့ဒီမိုကရေစီ၏ စစ်မှန်သော အရုဏ်ဦးဟု ရော်ရမ်း မှန်းဆခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင်လည်း စစ်တပ်သည်ပင်လျှင် အောင်နိုင်သူအဖြစ် ပေါ်ထွက်လာဦးမည်ဖြစ်သည်။

ဗိုလ်ချုပ်များကို ကျားကန်ရန် ထူထောင်ထားခဲ့သည့် နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ လွှတ်တော်အသစ်တွင် နေရာအများစု မရနိုင်ပါ။ တကယ်တမ်းတွင် နေရာအနည်းငယ်သာ ရနိုင် ပါလိမ့်မည်။

သို့ရာတွင် စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိများက အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရရှိထားဆဲ ဖြစ်သောကြောင့် ထိုပမာဏဖြင့်ပင် စစ်တပ်အုပ်စိုးမှု ကို ထိန်းသိမ်းထားဖို့ လုံလောက်နေ ပါသည်။

မြန်မာနိုင်ငံ၏ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယမန်လက အင်တာဗျူးရာ တွင် ၂၅ ရာခိုင်နှုန်း ကိစ္စအပေါ်တွင် အကောင်းမြင်ဖို့ ကြိုးစားနေပါသည်။ “အတိတ်တုန်းက စစ်တပ်က နိုင်ငံကို ၁၀၀ ရာခိုင်နှုန်း အုပ်ချုပ်ခဲ့တာပါ’’ဟု ၎င်းက The Independent ကို ပြောကြားခဲ့သည်။

“မျက်မှောက်အချိန်မှာ ၂၅ ရာခိုင်နှုန်းပဲ ထိန်းချုပ်ထားပါတော့တယ်’’ သို့ရာတွင် ဤစကားမှာ မမှန်ပါ။ ယခုအချိန်အထိ ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားဆဲပင် ဖြစ်ပါသည်။

လွှတ်တော်ထဲတွင် စစ်ဝတ်စုံများ ဝတ်ဆင်ကြပြီး စစ်မိန့်ကဲ့သို့ပင် အုပ်စုလိုက်မဲပေးနေကြသည့် ထိုစစ်တပ်အရာရှိ များမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သည့်ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုမဆို ကန့်ကွက်နိုင် သည့် ၂၅ ရာခိုင်နှုန်း ကန့်သတ် ချက်ကို ရရှိထားပြီးဖြစ်သောကြောင့် နိုင်ငံရေးတွင်လည်း လွှမ်းမိုးနေဆဲပင် ဖြစ်ပါသည်။

စစ်တပ်က အလိုရှိသည့် ဥပဒေတစ်ရပ်ကို အတည်ပြုဖို့ လွှတ်တော်တွင် မဲအများစုနိုင်ရန် လုံလောက်သော မဟာမိတ်များကို မရရှိနိုင်ခဲ့ပါကလည်း ၎င်းတို့တွင် ဒုတိယရွေးချယ်စရာရှိသည့် အနေအထားပင်ဖြစ်ပါသည်။

သူတို့ ကြိုက်သည့်အချိန်တွင် အစိုးရကို ရပ်ဆိုင်းပြီး အာဏာလွှဲပြောင်းယူခွင့်ကို ဖွဲ့စည်းပုံက စစ်တပ်ကို ခွင့်ပြုထားဆဲပင် ဖြစ်ပါ သည်။ ၎င်းတို့က လုံခြုံရေးအန္တရာယ်ဟု မြင်သည့်အခါတိုင်းတွင် စစ်သားများမှာ အာဏာသိမ်းခြင်းအတတ်ကို တတ်ပွန်ကျွမ်း ကျင်နေကြပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က လွှတ်တော်အတွင်းရှိ အရပ်သားပါတီနှစ်ရပ်က ဖွဲ့စည်းပုံ၏ ထိုအစိတ် အပိုင်းများကို ပြောင်းလဲ ရန်ကြိုးစားခဲ့ကြသည်။ မြန်မာမင်ဒဲလားဟု ခေါ်ဆိုလောက်သည့် နိုဘဲငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ် ခွင့်ပိတ်ပင်ရန် ရေးဆွဲထားသည့် ပုဒ်မတစ်ခုကို ဖယ်ရှားရန် ကြိုးစားခဲ့ခြင်း ပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် ဗြိတိသျှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် သားနှစ်ယောက်ရှိရာ၊ ဖွဲ့စည်းပုံက နိုင်ငံခြားသား သားသမီးခင်ပွန်းရှိသူ မည်သူမျှ သမ္မတမဖြစ်နိုင်ဟု ပညတ်ထားသည်။ အပြောင်းအလဲ အားလုံးကို ပယ်ချရန် စစ်သားများက ၎င်း တို့၏ ၂၅ ရာခိုင်နှုန်း ကန့်ကွက်ပိုင်ခွင့်ကို အသုံးချလိုက်ရုံသာဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည်မှာ စနေနေ့မတိုင်မီအထိတော့ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ပြီး ရွေးကောက်ပွဲဝင်မည်၊ သို့မဟုတ် ၂၀၁၀ ပြည့်နှစ်ကအတိုင်း သပိတ်မှောက်မည်လားဆိုသည်ကို မဆုံးဖြတ်ရသေး ပါ။ မူအရတော့ တင်းမာလွန်းသည့် ဆုံးဖြတ်ချက် မဖြစ်သင့်ပါ။ သူ၏ပါတီမှာ တောင်ပြိုကမ်းပြို အနိုင်ရနိုင်သည်။

အမှန်တကယ်လည်း နိုင်ခြေရှိနေသော်လည်း သူကတော့ သမ္မတ မဖြစ်နိုင်ပါ။ အင်န်အယ်လ်ဒီဦးဆောင်သည့် အစိုးရမှာလည်း ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ အထူးအခွင့်အရေးများကို ထိပါးလာပါက အချိန်မရွေး ဖယ်ရှားခံရ နိုင်သည့် ခြိမ်းခြောက်မှုအောက် တွင်သာ ရှိနေဆဲပင်ဖြစ်ပါသည်။

ယမန်နှစ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒီမိုကရေစီစီမံကိန်းမှာ ဘယ်ရွေ့ဘယ်မျှ ခရီးရောက်သွား ပြီလဲဟု မေးရာ ဒေါ်အောင်ဆန်းစုကြည်က ‘တန့်နေသည်’ဟုသာ တစ်ခွန်းတည်း ဖြေကြားခဲ့ပါသည်။

ဧပြီလက အင်တာဗျူးတစ်ခုတွင်လည်း သူကို အစဉ်သဖြင့် ထောက်ခံလာခဲ့သည့် နိုင်ငံများအား ‘ဒီနိုင်ငံက ဒီမိုကရေစီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အနောက်ကမ္ဘာက ကျွန်မတို့ရဲ့ မိတ်ဆွေတွေက သိပ်ကို အကောင်းမြင်လွန်းတယ်။ သံသယလေး နည်းနည်းထား တာက ပိုကောင်းတယ်ဆိုတာကို ၂၀၁၂ ခုနှစ်ကတည်းက ကျွန်မပြောလာနေခဲ့တာပါ’’ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်က မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏ ကာလရှည် စီးပွား ရေးပိတ်ဆို့မှုကို အဆုံးသတ်သွားစေခဲ့ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်းသို့ ဒီရေအလား လှိမ့်ဝင်လာစေ ခဲ့သည်ဆိုသည်မှာ အမှန် ပင်ဖြစ်ပါသည်။ သို့ရာတွင် စစ်တပ်အုပ်စိုးမှု နှစ ်၅၀ ကာလအတွင်း စစ်သားများမှာ ကျိကျိတက်ချမ်းသာလာကြပြီး နိုင်ငံမှာမူ အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ထိုးဆင်းသွား ခဲ့သော်လည်း မထုတ်ယူရသေးသည့် သဘာဝသယံဇာတများ ဒုနှင့်ဒေး ကျန်ရှိနေသေးသည်။  

စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်သော်လည်း နိုင်ငံခြားအရင်းအနှီးများ စုပြုံဝင်ရောက်လာပြီး  စီးပွားရေးမှာ လည်း အသွင်ပြောင်း လာသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အမှားကြီးအချို့ကို ကျူးလွန်လိုက်သည်။ သူက ဗိုလ်ချုပ်ကြီးများ၏ ကတိကဝတ် များကို ယုံပြီး ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲတွင် သူ၏ ပါတီကို ဝင်ပြိုင်စေ လိုက်ပြီး သူကိုယ်တိုင်ပင် လွှတ်တော်တွင် အမတ် တစ်နေရာ ဝင်ယူလိုက်ခြင်းပင် ဖြစ်သည်။ ဤအရာသည် ကစားပွဲ တစ်ခုဖြစ်ကြောင်း သူ သံသယကင်းကင်းဖြင့် နားလည် ခဲ့သော်လည်း ကံမကောင်းစွာပင် ရှုံးနိမ့်ခဲ့ပါသည်။

သူသည် ၂၀၁၁ ခုနှစ်က သူ ရွေးချယ်ခဲ့သည့် လမ်းအတိုင်း ဆက်လျှောက်ရံုံသာ။ အခြားရွေးစရာမရှိ ဖြစ်နေ သည်။ အရပ်သား အစိုးရအာဏာကို အဘက်ဘက်မှ ကန့်သတ်မှုများရှိနေသော်လည်း နိုဝင်ဘာ ရွေးကောက်ပွဲများ တွင် ဝင်ပြိုင်ရုံသာ။ သူ၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့်သာ နိုင်ငံတကာက ယုံကြည်လာကြသည့် စစ်တပ်က ဒီဇိုင်းထုတ်ထားသော စနစ်တစ်ခုအတွင်း တွင် ဖြစ်တောင့်ဖြစ်ခဲ အပြောင်းအလဲအတွက် အလုပ်လုပ်ရုံသာ။

ဒေါ်အောင်ဆန်းစုကြည်မှာ ရိုးသားဖြောင့်မတ်မှု၏ စံပြယုဂ် ဖြစ်ခဲ့သော်လည်း ယခုတော့ သူ့မှာ သူ၏ လက် များကို ညစ်ပေစွန်း ထင်းခံရသည့် လက်တွေ့ကျသော နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာနေသည်။ ယင်းမှာ ကျေနပ်နှစ်သိမ့်စရာ မဟုတ်သော် လည်း မြန်မာကို ဒီမိုကရေစီနိုင်ငံဖြစ်လာစေရေး သူ၏ ရုန်းကန်တိုက်ပွဲဝင်မှုတွင် တိုးတက်မှုတစ်စုံတစ်ရာ ပြုလုပ်နိုင်ခဲ့ သည်ဆို လျှင် အနည်းနှင့်အများ မလွှဲမရှောင်သာ ဤနည်းနှင်နှင်သာ အဆုံး သတ်ရပါလိမ့်မည်။

သူက တိုးတက်မှုအချို့ကို ပြုလုပ်နိုင်ခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများကလည်း ဧကန်မုချ ပြန်လည် တွန်းထုတ်ပါလိမ့်မည်။ စစ်ဗိုလ်ချုပ်ကြီး များက သူ့ကို သူတို့၏ မိတ်ဆွေ၊ သို့မဟုတ် မဟာမိတ်အဖြစ် ဘယ်တုန်း ကမှ မစဉ်းစားခဲ့ကြပါ။

မြန်မာစစ်တပ်မှာ နိုင်ငံကို နှစ် ၅၀ ကြာ အုပ်ချုပ်ခဲ့ပြီး အတွေ့အကြုံတွေလည်း ရခဲ့လှပြီဖြစ်သောကြောင့် ဒီတစ်ချီတွင်လည်း အနိုင်ရသွားခဲ့ပါပြီ။ သို့ရာတွင် မြန်မာမှာ ပြောင်းလဲနေပါသည်။

လှိမ့်ဝင်လာနေသည့် နိုင်ငံခြား လွှမ်းမိုးမှုများ၊ ငွေအသစ်များနှင့် အနည်းနှင့်အများ လွတ်လပ်နေသေးသည့် စာနယ်ဇင်းများက လူ့ဘောင်၏ အရွေ့ သစ်များကို ဖန်တီးနေကြရာ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကစားပွဲအတွင်းတွင်သာ ရှိနေသေးပြီး ကစားပွဲက လည်း မပြီးသေးပါ။

Burma’s generals win again by Gwynne Dyer

ဤဆောင်းပါးရေးသူ Gwynne Dyer မှာ တစ်သီးပုဂ္ဂလဂျာနယ်လစ် တစ်ယောက်ဖြစ်ပြီး သူ့ဆောင်းပါး များကို နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် ပုံနှိပ်ဖော်ပြနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags