သစ်အစားထိုး ပလပ်စတစ်ကိုအသုံးပြုကာ သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးနိုင်

သစ်အစားထိုး ပလပ်စတစ်ကိုအသုံးပြုကာ သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးနိုင်

သြဂုတ် ၉၊ ၂၀၁၆ ။            ။ သစ်အစားထိုး ပလပ်စတစ်များကို ပုံစံမျိုးစုံ ထုတ်လုပ်အသုံးပြုခြင်းဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ် ပေးနိုင် သည်ဟု မြန်မာနိုင်ငံပလပ်စတစ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းက မီဒီယာများသို့ ပြောသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်သည့် ပလပ်စတစ်ကုန်ကြမ်းများ၊ လုပ်ငန်းများနှင့် ပတ်သတ်၍ ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြသည့် အခမ်းအနား A- Plas 2016 Road Show တွင် ၎င်းက မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ဖို့ရယ်၊ နောက်လူတွေလည်း လက်ရှိမသုံးတတ်သေးဘူး။ အာဆီယံ နိုင်ငံမှာ တော်တော်များများသုံးနေတယ်။ မြန်မာနိုင်ငံမှာတော့ ခုမှစပြီး သုံးနေကြတယ်။ သူ့ရဲ့ကောင်းတဲ့အချက်တွေက ဘာလဲ ဆိုရင် ဒီ(Wood Plastic)သစ်အစားထိုး ပလပ်စတစ် ကျတော့ ကျုံ့တာကျဉ်းတာမရှိဘူး။ ခြမကိုက်ဘူး။ နောက်ရေထဲမှာစိမ်ထားလို့ရတယ်၊ နှစ် နှစ်ဆယ်၊ အစိတ် အာမခံပေးပြီးတော့ထုတ်လို့ရတယ်”ဟု ၎င်းက ပြောသည်။

သစ်အစားထိုး ပလပ်စတစ်ပစ္စည်းများ တစ်တန်ထုတ်လုပ်လျှင် သစ်တောပြုန်းတီးမှု တစ်တန်ကိုလျှော့ချနိုင် ကြောင်း၊ လက်ရှိတွင်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေသော ပလပ်စတစ် အမှိုက်များကို မြန်မာနိုင်ငံ စည်ပင် သာယာ ရေး ကော်မတီမှ စုစည်းပြီး ပလပ်စတစ်လုပ်ငန်းရှင်များသို့ပေးပို့ကာ အမှိုက်ဘုံး ကဲ့သို့သော ကျန်းမာရေး ထိခိုက်မှုလျော့ နည်းစေသော ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

လာမည့် ၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံ၌ အာဆီယံပလပ်စတစ်အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ အခက်အခဲများကို ဆွေးနွေးသွားမည် ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly