ပြည်ခိုင်ဖြိုးပါတီက ငြိမ်းချမ်းရေးမူဝါဒ ထုတ်ပြန်ကြေငြာမည်

ပြည်ခိုင်ဖြိုးပါတီက ငြိမ်းချမ်းရေးမူဝါဒ ထုတ်ပြန်ကြေငြာမည်

နေပြည်တော်(ဩဂုတ် ၈၊ ၂၀၁၆ခုနှစ်)။ ။ NLDအစိုးရသစ် ကြီးမှူးကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု ပင်လုံညီလာခံ)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က ၎င်းတို့၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒများကို ကြေငြာသွားမည်ဖြစ်ကြောင်း USDPပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်က ပြောသည်။

"ကျွန်တော်တို့ပါတီရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ သဘောထားရပ်တည်ချက်တွေကို နိုင်ငံတော်အစိုးရကနေ မကြာမီမှာ လုပ်တော့မယ့် ငြိမ်းချမ်းရေးညီလာခံမှာ ဖော်ထုတ်ကြေငြာသွားမှာပါ" ဟု သမ္မတဟောင်းလည်းဖြစ်သူ ဦးသိန်းစိန်က ပြောသည်။

၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၈ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အတိုက်အခံပါတီဥက္ကဌ ဦးသိန်းစိန်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တင်သွင်းမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရန်၊ ချမှတ်ထားသော ပါတီ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒများကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပါတီဝင်များ သိရှိနားလည်စေကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်တွေ့အထောက်အကူပြုနိုင်ရန်နှင့် ပါတီ၏ တတိယအကြိမ်ညီလာခံတွင် ငြိမ်းချမ်းရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များချမှတ်ရေးတို့ ဖြစ်သည်။

"ငြိမ်းချမ်းရေးဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်ပါတယ်" ဟုလည်း ဦးသိန်းစိန်က အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒများကို ဩဂုတ်လ ၂၀ရက်တွင် ကျင်းပရန်ရှိနေသည့် ပါတီညီလာခံတွင် အတည်ပြုဆုံးဖြတ်သွားမည်လည်း ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပဲကို လေးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းရင်းသားရေးဆိုင်ရာမူဝါဒတွင်မူ "တိုင်းရင်းသာစည်းလုံးညီညွတ်ရေးကို အလေးထားမည်။ အခြေခံဥပဒေနှင့်အညီ တိုင်းရင်း သားများ၏ အခွင့်အရေးများကို အပြည့်အ၀ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်" ဟု ဖော်ပြထားသည်။

ဦးသိန်းစိန်၏ သမ္မတသက်တမ်းတွင် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့နှင့် အစိုးရတို့အကြား အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ်လ ၃၁ ရက် နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သည့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီကို သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၅၇/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များအဖြစ် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းတို့ ပါဝင်ဖွဲ့စည်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required