ပြည်တော်သာအိမ်ရာ စီမံကိန်းကိစ္စ ပြည်သူ့သဘောထားကောက်ခံ

ပြည်တော်သာအိမ်ရာ စီမံကိန်းကိစ္စ ပြည်သူ့သဘောထားကောက်ခံ

ပုသိမ် ။                ။ ပုသိမ်မြို့ ပြည်တော်သာအိမ်ရာစီမံကိန်း နှင့် ပတ်သက်ပြီး သြဂုတ်လ ၇ရက်က ပြည်သူ့သဘောထား ကောက်ယူပွဲကို ကျင်းပခဲ့သည်။

တက်ရောက်လာသူများက ပြည်တော်သာအိမ်ရာကို ပြည်သူ့အိမ်ရာအဖြစ် ဆက်ထားရန်၊ အိမ်လခမကောက်သည့် အိမ်ခန်း ၁၇၇အိမ်အား လစာအမြန်ကောက်ရန် တင်ပြခဲ့သည်။

"ဝန်ကြီးချုပ် ရောက်တဲ့နေရာမှာပြောသလို ဒီမိုကရေစီအစိုးရဟာ ပြည်သူကို ရှေးရှုမယ်။ ကျွန်တော်တို့အစိုးရသက်တမ်းဟာ ပြည်သူဗဟိုပြုမှုနဲ့ဆက်လက်ဖြတ်သန်းသွားမှာပါ။ ပြည်သူတွေအသံဟာ အဓိကအကျဆုံးပါပဲ။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ပြည်သူအသံကိုယူတဲ့ ပထမဆုံးပါ အသံကိုနားထောင်ပြီး တိုင်းအစိုးရအဖွ့ဲအစည်းအဝေးမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်၊ တခြားကိစ္စတွေရှိလည်း ပြည်သူဆန္ဒကိုဆုံးဖြတ်သွားမှာပါ”ဟုပြည်တော်သာအိမ်ရာစီမံကိန်းနှင့်ပတ်သက်ပြီး တိုင်းအစိုးရသဘောထား လုပ်ဆောင်မှုအား လမ်းပန်ဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဦးဝင်းဌေးက တက်ရောက်သူများအားပြောသည်။

ပြည်တော်သာအိမ်ရာပြည်သူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲတွင် ပြည်တော်သာ အိမ်ရာစီမံကိန်းအား အသစ်ပြန်တည်ဆောက်ရန် ပြည်သူသဘောဆန္ဒကောက်ခံရာ တက်လောက်လာသူ၂၅၀တွင် ၂၄၄က
အိမ်ရာအား ယခုအတိုင်းထားရန်၊ ၄ယောက်မှာ အိမ်ရာအသစ်တည်ဆောက်ပေးရန်နှင့် ၂ယောက်မှာ ကြားနေအဖြစ်တင်ပြီး၊ ဝန်ကြီးမှ ပြည်သူသဘောဆန္ဒကို အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ပထမအစိုးရသက်တမ်းတွင် ပြည်တော်သာအိမ်ရာအား မနောသုခ အိမ်ရာပြုလုပ်ပြီး လုံးချင်းအိမ်ရာများ ၄ထပ်တိုက်များ၊ ၆ထပ်တိုက်များဆောက်လုပ်ရန် စီစဉ်သဖြင့် ပြည်တော်သာအိမ်ရာနေသူများမှ ကန့်ကွက်ခဲ့ရာမှ ယခုကဲ့သို့ ပြည်သူ့ဆန္ဒကောက်ခံသည့်အကြောင်း ဖြစ်လာခြင်းဖြစ်သည်။

ပြည်တော်သာအိမ်ရာတွင် ပင်စင်စားများ ဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း အိမ်ထောင်စု ၃၅၀ နေထိုင်လျှက်ရှိသည်။ ယင်းအပြင် အိုးအိမ်မှ တစ်နှစ်ကျော်ကြာ အိမ်လခမကောက်ခံသည့် အိမ်ခန်း၁၇၇ခန်းလည်း ရှိသည်ဟု သိရသည်။

ပြည်တော်သာအိမ်ရာစီမံကိန်းသည် ဝန်ကြီးချုပ်ဟောင်း ဦးနုလက်ထက်တွင် အကောင်အထည်ဖော်သည့် အိမ်ရာစီမံကိန်းဖြစ်ပြီး ၁၉၉၄ခုနှစ်တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က ပြည်သူအိမ်ရာအဖြစ် အစည်းအဝေးဆုံးဖြတ်ခဲ့ပြီး ဝန်ထမ်းမဟုတ်သူများအား အိမ်ခန်းများမှ ဖယ်ရှားမှု ပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required