ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ အရက်ဘားတစ်ခု မီးလောင်ကျွမ်းမှုကြောင့် ၁၃ ဦးသေဆုံး

ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ အရက်ဘားတစ်ခု မီးလောင်ကျွမ်းမှုကြောင့် ၁၃ ဦးသေဆုံး

သြဂုတ် ၆   ။         ။ ပြင်သစ်နိုင်ငံ မြောက်ပိုင်း Rouen မြို့ရှိ အရက်ဘားတစ်ခုတွင် သြဂုတ်လ ၆ ရက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၁၃ ဦးသေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

ကနဦး ရရှိသော သတင်းများအရ ယင်းပေါက်ကွဲမီးလောင်မှုဖြစ်စဉ်မှာ မတော်တဆမှုတစ်ခုသာ ဖြစ်ကြောင်း ရဲဌာနမှ ပြောကြားခဲ့သည်ဟု သိရသည်။ ယင်းနောက် မီးသတ်ကားများ အလျင်အမြန်ရောက်ရှိ ငြိမ်းသတ်ခဲ့ရပြီးနောက် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အဓိကလမ်းမကြီးကို ပိတ်ထားလိုက်ပြီဖြစ်ပြီး Cuba Libre ဘားအနီးဝန်းကျင်တွင် လုံခြုံရေးတိုးမြင့်ထားလိုက်ပြီဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

ပြည်တွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားစဉ်က အဆိုပါ ဘားတွင် မွေးနေ့ပါတီပွဲတစ်ခု ပေးနေခြင်းဖြစ်ကာ သေဆုံးသွားသူများမှာ အသက် ၁၈ နှစ် နှင့် ၂၅ နှစ်ကြား လူငယ်များ ဖြစ်ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံ၌ လူသေဆုံးစေသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များ ပေါ်ပေါက်ထားခဲ့ပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို တိုးမြင့်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်ခန့်ကလည်း ဂျီဟတ် အကြမ်းဖက်တိုက်ခိုက်သူနှစ်ဦး၏ သတ်ဖြတ်မှုကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သေဆုံးသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags