ခွေးလေခွေးလွင့်ထိန်းချုပ်ဖို့အတွက် မြို့တော်စည်ပင်မှ လမ်းမတော်မြို့နယ်တွင် စီမံချက်တစ်ခုပြုလုပ်

ခွေးလေခွေးလွင့်ထိန်းချုပ်ဖို့အတွက် မြို့တော်စည်ပင်မှ လမ်းမတော်မြို့နယ်တွင် စီမံချက်တစ်ခုပြုလုပ်

ရန်ကုန်၊ သြဂုတ် ၄ ။                ။ ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနံှခြင်းနဲ့ ခွေးမျိုးပွားမှုထိန်းချုပ်ရေးစီမံချက်ကို ဒီကနေ့ မနက်က လမ်းမတော်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစီမံချက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစီး လုပ်ဆောင်ခဲ့တာပါဖြစ်ပါတယ်။ ခွေးတွေကို အဆိပ်ချကျွေးပြီး ရှင်းလင်းပစ်တာနဲ့ ပတ်သတ်ပြီး မြို့တော်စည်ပင်ကို ပြည်သူအများက ဝေဖန်ပြော ဆိုမှုတွေ ရှိခဲ့ပြီးနောက် ဒီစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

"စီမံချက်ကာလကို လမ်းမတော်မြို့နယ်မှာ ခွေးလေခွေးလွင့် ကင်းမဲ့ဇုန် သတ်မှတ်နိုင်ရေးအတွက်ပေါ့၊ လုံးဝ ခွေးလေခွေးလွင့်  မရှိဖို့အတွက် ဒီစီမံချက်ကာလမှာ ရပ်ကွက်အလိုက် လမ်းအလိုက် မပြီးမပြတ်ဘဲ တခြားမှာ သွားရောက်ဆောင်ရွက်ခြင်း မပြုဘဲနဲ့ ဒီမြို့နယ်ကိုပဲ ဇောက်ချပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ လမ်းမတော်မြို့နယ်မှာ ကာကွယ်ဆေးထိုးပေးထားတဲ့ ခွေးတွေကို လည်ပတ်အနီတွေနဲ့ သတ်မှတ်ထားပြီးတော့မှ ခွေးလေခွေးလွင့် မရှိအောင်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်"

လမ်းမတော်မြို့နယ်မှာ ရပ်ကွက်အလိုက် ကောက်ခံရရှိထားတဲ့ စာရင်းအရ ခွေးလေခွေးလွင့် ၁၃၆ ကောင်ရှိပြီး ခွေးအားလုံးကို ကာကွယ်ဆေးထိုးနံှခြင်းများ မျိုးပွားထိန်းချုပ်ခြင်းများ ပြုလုပ်သွားမယ်လို့ လမ်းမတော်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီစီမံချက်မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ Blue Heart ခွေးချစ်သူများအသင်းအနေနဲ့ ခွေးတွေကို သတ်လိုက်မယ့် အစား အခြားဖြေရှင်းတဲ့ နည်းလမ်းတွေ အသုံးပြုတာကို လုပ်စေချင်တဲ့အတွက် ဒီလိုပူးပေါင်း ပါဝင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ခွေးချစ်သူဆိုတာ ပါးစပ်နဲ့ မချစ်ဘဲနဲ့ ကျွန်မတို့လို အဖွဲ့အစည်းမှ မဟုတ်ဘူး၊ တတ်နိုင်သမျှ ဒီလို ပွဲတွေမှာ ခွေးမျိုးဆက်ပွားထိန်းချုပ်တာတို့ ခွေးရူးကာကွယ်ဆေးထိုးတာတို့ ပါဝင်စေချင်ပါတယ်၊ ထို့အတူ ခွေးတွေကို မကြိုက်နှစ်သက်ဘူး ခွေးတွေကို ကြောက်တယ်ဆိုတဲ့လူတွေကိုလည်းလေ ဖြစ်စေချင်တာ သူတို့လည်း ကြောက်တယ်မဟုတ်လား သူတို့ကို မရှိစေချင်ဘူးမဟုတ်လား သတ်တယ်ဆိုတဲ့နည်းလမ်းဟာ အရက်စက်ဆုံးနည်းဆိုတော့ အဲ့လို သတ်မယ့်အစား သူတို့တွေပါ ပါဝင်ပြီးတော့ ကိုယ်တတ်နိုင်သလောက် မြို့တော်စည်ပင်နဲ့ ပေါင်းပြီးတော့ လှုပ်ရှားစေချင်ပါတယ်။ ကျွန်မတို့တစ်ဖွဲ့တည်းမဟုတ်ဘဲနဲ့ ရှိသမျှ ချစ်တဲ့သူရော မကြိုက်တဲ့သူရော အကုန်ပါဝင်စေချင်ပါတယ်"

ဒီစီမံချက်ကို လမ်းမတော်မြို့နယ် အမှတ်(၁) နဲ့ အမှတ်(၂) ရပ်ကွက်က စပြီး ဆောင်ရွက်သွားကာ လမ်းမတော်မြို့နယ်ပြီးစီးပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ် နမိတ်အတွင်းက မြို့နယ် ၃၃ မြို့နယ်များပါ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required