ရတနာပုံ နှင့် ရန်ကုန်ပွဲစဉ် ဖြစ်ရပ်များနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေးမှ ပြစ်ဒဏ်များ ချမှတ်

ရတနာပုံ နှင့် ရန်ကုန်ပွဲစဉ် ဖြစ်ရပ်များနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေးမှ ပြစ်ဒဏ်များ ချမှတ်
ရတနာပုံ- ရန်ကုန် ပွဲတွင် နှစ်ဖက်ကစားသမားများအငြင်းပွားနေစဉ်။

ဇူလိုင် ၁၀၊ ရန်ကုန်။ ။ ဇူလိုင်လ ၅ ရက်က ဗထူးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၁ ရတနာပုံ အသင်းနှင့် ရန်ကုန်အသင်းတို့ပွဲ၌ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံစည်းကမ်း ထိန်းသိမ်းရေးကော်မတီက ဇူလိုင်လ ၉ ရက်တွင် ပြစ်ဒဏ်များ ်ချမှတ်ခဲ့သည်။

အဆိုပါပွဲတွင် လာရောက်ကြည့်ရှူသော ပရိသတ်များထဲက အချို့သော ပရိသတ်များက ကွင်းအတွင်းသို့ ခဲများ၊ ဖိနပ်များ၊ ရေသန့်ဗူးများ၊ ပုလင်းများ၊ ပန်းအိုးကွဲများ မကြာခဏ ပစ်ပေါက်ခြင်း၊ တာဝန်ကျသော ကွင်းလယ်ဒိုင်၊ အကူဒိုင်လူကြီးနှင့် အရံဒိုင်လူကြီးများ ကြီးကြပ် ကွပ်ကဲမှုအားနည်းခြင်း၊ ရတနာပုံနည်းပြနှင့် ရန်ကုန်နည်းပြ တို့နှစ်ဦးက ဒိုင်လူကြီးများအား အကြိမ်ကြိမ်အခါခါ ဥပေဒပြင်ပမှ စောဒက တက်ခြင်း၊ ပွဲချိန် မိနစ် ၂၉ တွင် ရန်ကုန်အသင်းမှ ကြည်လင်းက ရတနာပုံမှ ရဲကိုဦးအား အန္တရာယ်ရှိစွာ ကန်ကြောက်ခဲ့သော်လည်း ဒိုင်လူကြီး ဦးဝင်းကျော်ဦးမှ အနီကဒ်ပြစ်ဒဏ် ပြသချမှတ်ရမည့် အစား နှစ်ဦးစလုံးကို အဝါကဒ်ပြသခြင်း၊ လုံခြုံရေးအတွက် ထားရှိသည့် ပိုက်များ ကြိုးပေါက်ပျက်စီးခြင်း စသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့်အပြင် ဖြစ်စဉ်များ ဖြစ်နေစဉ်အတွင်း တာဝန်ရှိသည့် လုံခြုံရေးများက တားဆီးကာကွယ်မှု နည်းပါးခြင်းများလည်း ဖြစ်ပျက်ခဲ့သည်။

ယင်းဖြစ်ရပ်များအတွက် ပရိသတ်အချို့၏ ပြုမူဆောင်ရွက်မှု များအပေါ် အိမ်ရှင် ရတနာပုံအသင်းမှ ဒဏ်ကြေးငွေ ကျပ်ဆယ် သိန်းပေးဆောင် ရန်နှင့် နောက်ထပ် ရတနာပုံအသင်း အိမ်ကွင်းပွဲစဉ်များ၌ မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပွားစေရန် ရတနာပုံအသင်းအနေဖြင့် ပရိသတ်များကို အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန် တာဝန်ယူရမည် ဖြစ်ပြီး အကယ်၍ တာဝန်မယူနိုင် ပါက အနီးကပ်ဆုံးပွဲအား ကွင်းပြောင်း ကျင်းပရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့ပြင် ယင်းပွဲတာဝန်ယူခဲ့သည့် ဒိုင်လူကြီး လေးဦး အား ကြီးကြပ်ကွပ်ကဲမှုအားနည်းသဖြင့် ဒိုင်လူကြီးှဌာနမှ လိုအပ်သလိုအရေးယူ ရန်၊ ရတနာပုံနည်းပြချုပ် ရီနီနှင့် ရန်ကုန်နည်းပြချုပ် ဂျက်ဆစ်တို့အား ဒဏ်ကြေးငွေ ကျပ်ငါးသိန်း ပေးဆောင်ရန်နှင့် ရတနာပုံအသင်းမှ ကြံ့ခိုင်ရေးမှူး ဂျိုးဇက်ကိုလည်း လူကြီးလူကောင်းမဆန်စွာ ပြုမူနေထိုင်ခဲ့သဖြင့် နောက်နောင်မပြုမူရန် နောက်ဆုံးအကြိမ် သတိပေးရန်၊ ရန်ကုန် အသင်းမှ ကြည်လင်းအား စည်း/ထိန်း မူ အပိုဒ် ၃ နှင့် ၁၃ အရ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ အနီးစပ်ဆုံး နှစ်ပွဲ ပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်း ပေးဆောင်ရန် အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်တွင် ပရိသတ်များအားပေးပုံကြမ်းတမ်းမှုကြောင့် ပြစ်ဒဏ်ချမှတ်မှုများ အကြာခဏရှိခဲ့ပြီး ၂၀၁၃ ဘောလုံး ရာသီ နေပြည်တော်-ရန်ကုန်ပွဲ၌ လည်းပရိသတ်များနှင့် ကစားသမားများခိုက်ရန်ဖြစ်ပွားမှုကြောင့် စံချိန်တင်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ ရသည်။

ရန်ကုန်နှင့်ရတနာပုံအသင်းတို့မှာ မြန်မာနေရှင်နယ်လိဂ်တွင် အစဉ်အလာကြီးမားပြီး ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိသည်။

၂၀၁၄ဘောလုံးရာသီက ရန်ကုန်အိမ်ကွင်းတွင်ကစားခဲ့သည့်ပွဲစဉ်တွင်လည်း ရန်ကုန်ပရိသတ်အချို့ကွင်း အတွင်းပစ္စည်းများဖြင့် ပစ်ပေါက်သောကြောင့် စည်းကမ်းထိန်းသိမ်းရေးမှ ဒဏ်ကြေး သိန်း ၂၀ ပြစ်ဒဏ်ချမှတ်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required