ရေကြီးရေလျှံမှု ပြည်ထောင်စုအဆင့် မရောက်သေးဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြော

ရေကြီးရေလျှံမှု ပြည်ထောင်စုအဆင့် မရောက်သေးဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြော
မန္တလေးတိုင်း အမရပူရမြို့နယ်တွင် ရေကြီးနေခြင်းကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက် နေ့လည် ၁၂ နာရီခန့်က တွေ့ရစဉ်။ ဓာတ်ပုံ ဘိုဘို မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၃ ။              ။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ရေကြီးရေလျှံမှုများ ပေါ်ပေါက်နေရာ ဗဟိုအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် အကူအညီပေးမှုအပေါ်   ဝေဖန်မှုများ ထွက်ပေါ်နေရာ ယခု ရေကြီး ရေလျှံမှု အခြေအနေသည် ပြည်ထောင်စုအဆင့် အခြေအနေ မရောက်သေးခြင်းကြောင့် ဗဟိုအစိုးရက ပံ့ပိုးပေးရုံသာ ရှိသေးသည်ဟု ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

''အခုဖြစ်တဲ့ ဘေးအန္တရာယ်ရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ၂၀၁၅ တုန်းကလိုမျိုး ပြည်ထောင်စု အဆင့်ကနေပြီး ဦးစီးပြီးလုပ်ရတဲ့ အခြေအနေမျိုး မဟုတ်သေးဘူး။ သဘာဝဘေး တုန့်ပြန်တဲ့အခါမှာ သူ့အဆင့်လိုက်သူ ရှိတာကိုး အခုကျတော့ တိုင်းဒေသကြီး ပြည်နယ်တွေကနေ အဓိက ဦးစီး ဦးဆောင် လုပ်တယ်။ ဗဟိုကနေ ပံ့ပိုးနေဆဲ အဆင့်ပေါ့'' ဟုပြောသည်။

သို့သော် ရေဘေးနှင့် ပတ်သက်၍ ယခင် သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ လက်ရှိအစိုးရနေဖြင့် ယခင်အစိုးရ လုပ်ခဲ့သည်များထက် ပိုမို လုပ်ဆောင်သင့်ကြောင်း သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ထောက်ပြရေးသားထားသည်။

''အရင်နှစ်က ထက် ပိုကောင်းတဲ့ ကူညီထောက်ပံ့မှုကို ဒီနှစ်လုပ်ရပါ့မယ်။ ရှေ့လူတွေ လုပ်ခဲ့သမျှထက် ပိုကောင်း အောင်လုပ်ရပါ့မယ်" ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်းကမူ ယမန်နှစ်က ရေကြီးမှု အခြေအနေသည် ကြီးမားကျယ်ပြန့်ပြီး ယခုနှစ် အခြေအနေသည် ထိုအဆင့် မရောက်သေးခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ် ကြေညာရန် မရှိသေးဟု ဆိုသည်။

"အခုဖြစ်နေတဲ့ အခြေအနေအရ အဲ့လောက်ကြီး မဖြစ်သေးတဲ့အခါကျတော့ ကြေညာဖို့ အခြေအနေအထိ မရောက်သေးဘူးပေါ့"ဟု ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

ဇူလိုင်လ နှောင်းပိုင်းက စတင်ရွာသွန်းလာသည့် မိုးရေများကြောင့် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်လာကာ မန္တလေး ၊ စစ်ကိုင်း ၊မကွေး ၊ ကချင်၊ ပဲခူး ၊ ဧရာဝတီ စသည့် တိုင်း နှင့်ပြည်နယ် ၆ ခုတွင် လူတစ်သိန်းခန့် ရေဘေးဒုက္ခများ ခံစားနေရပြီး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသည်။

သစ်တောများ ပြန်လည်မစိုက်ပျိုးသရွေ့ နှစ်တိုင်းလိုလို ရေကြီးမှုနှင့် ကြုံနေရမှာဖြစ်ပြီး အထက်ပိုင်းတစ်လျှောက် ရွာသွန်းခဲ့သော မိုးရေများကို တားဆီးနိုင်သည့် ဂေဟစနစ်များ မရှိတော့တာကြောင့် ယခုလို ရေဘေးဒုက္ခ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

"မိုးက ပုံမှန်အတိုင်းရွာပေမယ့်လို့ အဲဒီရွာတဲ့မိုးကို အရင်ကလို ထိန်းနိုင်တဲ့ဂေဟစနစ်တွေ သစ်တောတွေ မရှိတော့တဲ့ အတွက်ကြောင့် ရွာသမျှရေဟာ အနိမ့်ပိုင်းကို တောင်ကျရေအဖြစ် စီးဆင်းရာက စတင်ပြီးတော့  ရေကြီးမှုဟာ ဖြစ်ရတဲ့အတွက် ပုံမှန်ရွာနေရင်ကို ရေကြီးတော့မယ့် အနေအထားကို ရောက်နေတာပေါ့" ဟုဆိုသည်။

မြန်မာနိုင်ငံ အထက်ပိုင်းတွင်လည်း ရေကြီးမှုများ ကြုံနေရသည့်အတွက် မြစ်ဝကျွန်းပေါ်တွင် နေထိုင်သူများ အနေနှင့် ကြိုတင်ပြင်ဆင်ထားကြရန်လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required