ဂွါဒီယိုလာအနေဖြင့် လာလီဂါနှင့်ဘွန်ဒက်စ်လီဂါမှာထက် ပရီးမီးယားလိဂ်တွင်အောင်မြင်မှုရရန် ပိုမိုခက်ခဲလိမ့်မည်ဟု ဂျာဂင်ကလော့ပ်ပြော

ဂွါဒီယိုလာအနေဖြင့် လာလီဂါနှင့်ဘွန်ဒက်စ်လီဂါမှာထက် ပရီးမီးယားလိဂ်တွင်အောင်မြင်မှုရရန် ပိုမိုခက်ခဲလိမ့်မည်ဟု ဂျာဂင်ကလော့ပ်ပြော

သြဂုတ် ၃၊ အင်္ဂလန် ။              ။ မန်စီးတီးနည်းပြသစ်ဂွါဒီယိုလာအနေဖြင့် လာလီဂါနှင့်ဘွန်ဒက်စ်လီဂါတို့တွင် အောင်မြင်မှုများရခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် အောင်မြင်မှုရရှိရန် ပိုမိုခက်ခဲလိ့မ်မည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်သည်။

ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းတွင် လာလီဂါဖလားသုံးလုံးနှင့် ချန်ပီယံလိဂ်ဖလားနှစ်လုံးအပါအဝင် ဆုဖလား ၁၄ လုံး ရယူနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၃-၁၄ ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး သုံးနှစ်ဆက် ဘွန်ဒက်စ်လီဂါဖလားရယူနိုင်ခဲ့ကာ ဂျာမန်ပိုကယ်ဖလားနှစ်လုံး ရယူနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်တွင် သုံးနှစ်ကြာနည်းပြပြီးနောက် ယခုနှစ်ရာသီသစ်တွင် မန်စီးတီးနည်းပြ ပယ်လီဂရီနီ၏နေရာကို ဆက်ခံခဲ့သူ ဖြစ်သည်။

‘ပရီးမီးယားလိဂ်မှာ ဆုဖလားရရှိဖို့က အားလုံးအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။ ဒီပြိုင်ပွဲက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

ခင်ဗျားအနေနဲ့ လာလီဂါနဲ့ဘွန်ဒက်စ်လီဂါမှာ သုံးနှစ်ဆက်တိုက် အမှတ်ပေးဖလားတွေရရှိခဲ့ပြီးပြီဆိုရင် အခြားစိန်ခေါ်မှုတစ်ခုကို စဉ်းစားပါလိ့မ်မယ်။ ကြီးမားတဲ့စိန်ခေါ်မှုအတွက် အင်္ဂလန်ကိုလာဖို့ လိုအပ်ပါတယ်။

အင်္ဂလန်မှာ ကြုံရမယ့် အခက်အခဲတွေက အခြားတိုင်းပြည်တွေနဲ့ အများကြီးကွာခြားပါတယ်။ ဒီက အသင်းအတော်များများက သူတို့ပဲ နံပါတ်တစ်ဖြစ်သင့်တယ်လို့ ထင်ကြပါတယ်’ ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းသည် ယခုနှစ်ရာသီတွင် ဂန်ဒိုဂန်၊ လီရွိုင်းဆိန်းနှင့် နိုလီတိုတို့အပါအဝင် ကစားသမားသစ်ငါးဦး ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly