သြဂုတ် ပထမပတ်တွင် ဟင်္သာတမြို့၏ အမြင့်ဆုံးရေအမှတ်သို့ ရောက်ရှိနိုင်

သြဂုတ် ပထမပတ်တွင် ဟင်္သာတမြို့၏ အမြင့်ဆုံးရေအမှတ်သို့ ရောက်ရှိနိုင်

ဟင်္သာတ၊ သြဂုတ် ၂ ။              ။ သြဂုတ်လ ၂ရက်နေ့မနက် ၉နာရီအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေ အမှတ်အထက် ၁.၈ ပေခန့် ကျော်လွန်     ရောက်ရှိနေကြောင်း  ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေအမှတ် ၄၄ ပေ အထက်သို့ ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ ကျော် လွန် ခဲ့ပြီး ရက်သတ္တပတ် ၂ ပတ် ကျော်ကြာ ကြာမြင့်နေခြင်း ဖြစ်သည်။

" သြဂုတ်လ ၂ရက်နေ့နဲ့ ၃ရက်နေ့တွေမှာ မြန်မာပြည်အလယ်ပိုင်းမှာ မိုးရွာမယ်။ မုံရွာတို့ ညောင်ဦးတို့လို မြန်မာပြည် အထက်ပိုင်းမှာလည်း မိုးဆက်ရွာဖို့ရှိတယ်။ ဒီရေတွေဆက်ဆင်းလာတာ ဟင်္သာတကို ၇ ရက်လောက်ကြာရင် ရောက် မယ်။ တိမ်တိုက်တွေ အိန္ဒိယကမ်းခြေကိုရောက်တဲ့ သြဂုတ်လ ၆ရက် ၇ ရက်ပတ်ဝန်းကျင်မှာ ဟင်္သာတပတ်ဝန်းကျင်မှာ မိုးကြီးဖို့ ရှိတယ်။ ဒီတော့ ဟင်္သာတက လက်ရှိရေအမှတ် ၄၅.၈၀ ပေကနေ ၄၇ပေလောက်ထိ တက်ဖို့ရှိပြီး ရေပြန် ကျ မယ် " ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသည်။

ထို့ပြင် ရေပြန်ကျချိန်တွင်လည်း ဟင်္သာတမြို့ ပတ်ဝန်းကျင်တွင် မိုးကြီးနိုင်ပြီး  သြဂုတ်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့ အထိ အမြင့်ဆုံးရေအမှတ် ဖြစ်သည့် ၄၆ ပေ ၄၇ ပေ ကို ပြန်ရောက်နိုင်သည့်အတွက် အရေးကြီးသည့် ထူးပေါက် ရေပေါက်များ မကျိုးပေါက်အောင် သတိထား ရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်  ဟင်္သာတမြို့၏ အမြင့်ဆုံးရေမှတ်ဖြစ်သော ၄၈.၁၅ပေသို့ သြဂုတ်လ ၇ရက်နေ့က ရောက် ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

သြဂုတ်လ ၂ရက်နေ့မနက်ပိုင်းအချိန်အထိ ဟင်္သာတခရိုင်အတွင်းတွင် ရေပေါက် ၁၀ပေါက် သဲဗွက်၂ခုနဲ့ တာအိတာ လျော ၂ ခု ရှိကြောင်း ဟင်္သာတခရိုင်ဆည်မြောင်း ဦးစီးဌာနထံမှ သိရသည်။

ဟင်္သာတခရိုင်ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက " နွေကာလမှာ မနှစ်က ရေပေါက် တွေကို သေချာပြင်ဆင်ထားတဲ့အတွက် ခု ရေပေါက်တာနည်းပါတယ်။ တာကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီးတော့ ရေကာတာ တွေကတော့ မနှစ်က အမြင့်ဆုံးရေအမှတ် ၄၈ပေ အထိတော့ အဆင်သင့် ရှိပါတယ်။ ဟင်္သာတခရိုင် အတွင်းက ရေကာ တာ ၁၀ ခု ရဲ့ စုစုပေါင်းတာမိုင်အရှည် ၂၀၃ မိုင်ကို တာလုပ်သား ၂၅၈ ယောက်နဲ့ စောင့်ကြပ်လုပ်ကိုင်နေပါတယ်။ ဧရာ ဝတီတိုင်းအတွင်းက ရေဘေးကာကွယ်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ ဦးစီးအရာရှိ ၅ ဦး နှင့် ဦးစီးမှူး ၅ဦး ရောက်ရှိနေပြီး ဟင်္သာတခရိုင်အတွင်းက ရေကာတာတွေပေါ်က ရေကင်းစခန်းတွေမှာ ရောက်ရှိ အားဖြည့်ပေး ထားပါ တယ်။ စုစုပေါင်း ဦးစီးအရာရှိနဲ့ ဦးစီးမှူးစုစုပေါင်း ၃၁ ဦးက တာဝန်ယူကြီးကြပ်ပေးနေပါတယ် " ဟု မဇ္ဈိမ၏ မေးမြန်း ချက်ကို ဖြေကြားသည်။

ဟင်္သာတခရိုင်အတွင်းရှိ ဆည်များဖြစ်သော ကညင်ဆည် ကွန်ချောင်းဆည်နှင့် နန်ကသူဆည်တို့တွင် ဆည်ရေပြည့် အ မှတ်ကို ကျော်လွန်ရောက်ရှိနေပြီး မမြဆည်မှာမူ ဆည်ရေပြည့်အမှတ်ရောက်ရှိရန် ၁၃ ပေခန့် လိုသေးကြောင်း ဆည် မြောင်း ဦးစီးဌာနထံမှ သိရသည်။

" မြို့ပေါ်က လူတွေကတော့ ပုံမှန်လှုပ်ရှားသွားလာနေတာပဲ တွေ့ရပါတယ်။ ဒီရေအမြင့်လောက်က ပုံမှန်ရေအမြင့် လောက်ပဲလို့ လူတွေက မြင်ကြတယ်။ မြို့ပေါ်က အဖွဲ့အစည်းတွေ လှုပ်ရှားနေတာတော့ ခုထိ မတွေ့ မိပါဘူး " ဟု ဟင်္သာတမြို့သား တစ်ဦးဖြစ်သူ ဦးဝင်းသီဟ က ပြောသည်။

၂၀၁၅ခုနှစ် သြဂုတ်လ ၂ရက် တွင် ဟင်္သာတ ခရိုင်အတွင်းတွင် ရေပေါက် ၂၆ ပေါက် ရှိနေခဲ့ပြီး ရေအမြင့် ၄၇.၃၀ပေ ရှိခဲ့ကာ ရေဘေးကာလ ကုန်ဆုံးချိန်၌ ရေပေါက် စုစုပေါင်း ၄၈၅ ပေါက်ရှိခဲ့ကြောင်း ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required