လက်ပံတောင်းတောင်ဒေသ ၁၀ရက်ကျော်ကြာ ရေဘေးကြံုတွေ့နေရ

လက်ပံတောင်းတောင်ဒေသ ၁၀ရက်ကျော်ကြာ ရေဘေးကြံုတွေ့နေရ
ညောင်ပင်ကြီး-ဆားလင်းကြီး ကားလမ်းဘေးတွင် တဲထိုးနေထိုင်နေသည့် လက်ပံတန်း ရေဘေးဒုက္ခသည်များ။ (ဓာတ်ပုံ-Phoe Lamin)

မုံရွာ၊ သြဂုတ် ၁။ ။ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လက်ပံတောင်းတောင်ဒေသတွင် ချင်းတွင်းမြစ်ရေးတိုးလာသဖြင့် ရေဘေးကြုံတွေ့နေရကြောင်း လက်ပံတောင်းတောင်ဒေသခံများက ပြောသည်။ 

လက်ပံတောင်းတောင်ဒေသ တုံငါးရွာဖြစ်သော တုံတောကျောင်း၊ တုံရွာသစ်၊ တုံအလယ်ရွာ၊ တုံအလယ်တော၊ တုံရွာမ ကျေးရွာတို့ ရေဘေးကြုံနေရခြင်ဖြစ်ပြီး လက်ရှိတွင် ညောင်ပင်ကြီး-ဆားလင်းကြီး ကားလမ်းဘေးတွင် တဲထိုးနေထိုင်ကြရပြီး ဖြစ်သလိုစားသောက်နေရသည်ဟု ဒေသခံများက ပြောသည်။ 

"အိမ်တိုင်းနီးပါးရေဝင်နေပြီ၊ မနှစ်ကလောက်မရှိသေးပေမဲ့ တော်တော်လေး ဆိုးပါတယ်။ အခုလက်ရှိတော့ ဆားလင်းကြီး လမ်းပေါ်မှာတက်ပြီးနေထိုင်ရတယ်။ မြေဘေးတင်မကဘူး၊ ရေဘေးပါခံနေရပြီ။"ဟု တုံကျေးရွာဒေသခံ မမာချိုက ပြောသည်။ 

အဆိုပါကျေးရွာများတွင် အိမ်ခြေ ၃၀၀ ခန့်၌ ရေဝင်ရောက်နေခြင်းဖြစ်ပြီး ညောင်ပင်ကြီး-ဆားလင်းကြီး ကားလမ်းဘေးတွင် အိမ်ခြေ ၅၀ ခန့်က တဲထိုးနေနေပြီး ကျန်သူများမှာ နီးစပ်ရာတွင် အဆင်ပြေသလို နေထိုင်နေရသည်ဟု သိရသည်။ 

"လူရော တိရိစ္ဆာန်တွေရော ကားလမ်းဘေးမှာ တဲထိုးနေရတယ်။ အလှူရှင်တွေလည်း မလာတော့ ပိုဆိုးတာပေါ့။ နောက်ထပ်ဆိုးတာက ကွမ်းပင်တွေစိုက်ထားတာတွေလဲ ရေဝင်လို့ ဘာမှလုပ်လို့မရဘူး။" ဟု တုံရွာမ ဒေသခံ ကိုမင်းမင်းက မဇ္ဈိမကို ပြောသည်။ 

ချင်းတွင်းမြစ်ရေသည် သြဂုတ်လ ၁ ရက် မွန်းလွှဲ ၂ နာရီအချိန်တွင် ၁၀၆၀ စင်တီမီတာ ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly