အီလက်ထရောနစ်ငွေလွှဲငွေယူစနစ် National financial switching system တည်ဆောက်ရေး ဗီယက်နမ်နှင့် လက်မှတ်ရေးထိုး

အီလက်ထရောနစ်ငွေလွှဲငွေယူစနစ် National financial switching system တည်ဆောက်ရေး ဗီယက်နမ်နှင့် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် ငွေလွှဲငွေယူစနစ် National financial switching system တည်ဆောက်ရေးအတွက် Myanmar Payment Union MPU နှင့် ဗီယက်နမ်မှ ဦးဆောင်နည်းပညာ ကော်ပိုရေးရှင်း FPT နှင့် National Payment Corporation of Vietnam NAPAS တို့ကြား တရားဝင်သဘောတူလက်မှတ်ရေးထိုးမှုအား ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ဇူလိုင် ၃၁ ရက်ပြုလုပ်သော အဆိုပါလက်မှတ်ရေးထိုးမှုတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် Vu Duc Dam၊ ဗီယက်နမ်ဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး Nguyen Kim Anh နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်တို့ တက်ရောက်ခဲ့သည်။

သဘောတူညီမှုအရ National financial switching system အတွက် လိုအပ်သော ဆော့ဖ်ဝဲ၊ ဟဒ်ဝဲ၊ အော်ပရေးရှင်းနှင့် အခြားသော နည်းပညာများအား FPT က ထောက်ပံ့ဖော်ဆောင်   ပေးရမည်ဖြစ်သည်။ FPT ၏ မဟာဗျူဟာမိတ်ဖက်ဖြစ်သော NAPAS က ပူးတွဲရင်းနှီးမြုပ်နှံသူအဖြစ် စီမံကိန်းတွင် ပါဝင်သည်။ MPU က တည်ရှိဈေးကွက်တွင် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြုပ်နှံပေးကာ လုပ်ငန်းလည်ပတ်မည်ဖြစ်သည်။

စီမံကိန်း ပထမပိုင်းကို ၂၀၁၇ အစောပိုင်းတွင် စတင်ဖွယ်ရှိသည်။ ယင်းအပိုင်းတွင် MPU အနေဖြင့် ကြိုတင်ငွေပေးချေလွဲပြောင်းစနစ်သို့ အောင်မြင်စွာကူးပြောင်းမှု အတွေ့အကြုံရှိထားသည့် NAPAS နှင့် FPT ထံမှ အတွေ့အကြုံနှင့် အသိပညာများကို ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ATM စက်ပေါင်း ၂၀၀၀ ကျော်၊ POS 6000 နီးပါးနှင့် ဘဏ်ကတ်အသုံးပြုမှုပေါင်း ၁ ဒဿမ ၈ သန်းနီးပါး ရှိထားသော်လည်း ငွေပေးငွေချေမှုများကို ငွေသားဖြင့်သာ အများဆုံး အသုံးပြုနေဆဲဖြစ်သည်။ ယခုစနစ်သာ အကောင်အထည်ပေါ်လာပါက ငွေသားပေးချေလည်ပတ်နေမှုအား အီလက်ထရောနစ်ငွေပေးချေမှုဖြင့် အစားထိုးသွားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုစနစ်သစ်တည်ဆောက်ရေး အကြိုလုပ်ငန်းစဉ် သဘောတူညီမှုအား ဇူလိုင် ၄ ရက် MPU နှင့် FPT တို့ကြား ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ စနစ်သစ်တည်ဆောက်မှုက တစ်နှစ်အတွင်း ပြီးစီးမည်ဖြစ်ကာ FPT အနေဖြင့် နည်းပညာကူထောက်မိတ်ဖက်နှင့် ရင်းနှီးမြုပ်နှံသူအဖြစ် ဆယ်နှစ် ရှိနေမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် သြဂုတ်တွင် ယင်းစနစ်အား စတင်နိုင်မည်ဖြစ်ကာ ၂၀၁၇ ခုနှစ်အစောပိုင်းတွင် တရားဝင်လည်ပတ်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly