မျိုးတုံးတော့မယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ (နိဂုံးပိုင်း)

30 July 2016
မျိုးတုံးတော့မယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ (နိဂုံးပိုင်း)

ဒီနေ့တော့ အိမ့်မျက်တို့ မြန်မာပြည်မှာ အရမ်းကို ရှားပါးသွားပြီဖြစ်တဲ့ စမ်းတား ငါးဖမ်းလုပ်ငန်းကို သွားပြီးတော့ လေ့လာကြမှာပါ။ အဲဒီ စမ်းတားလုပ်ငန်းက ပင်လယ်ထဲမှာပဲ ရှိတာပါ။ အိမ့်မျက်တို့လည်း စမ်းတားပိုင်ရှင် ဦးလေးက စမ်းတားမှာ ငါးသွားသယ်ဖို့ ရှိတာနဲ့ပဲ အဲဒီဦးလေးရဲ့ စက်လှေနဲ့ပဲ ထွက်လာခဲ့ကြတာပါ။ ကဒုံကနိကနေ စမ်းတားကိုရောက်ဖို့ တစ်နာရီကျော်ကျော်လောက် မောင်းရပါတယ်။ စမ်းတားဆိုတာက ပင်လယ်ပြင်ကြီးထဲမှာ အဆောက်အဦးကြီးအဖြစ် ထီးထီးကြီး ရှိနေတာပါ။ အိမ့်မျက်လည်း စမ်းတားကို ဒါ ပထမဆုံး ရောက်ဖူးတာပါ။

အခုတော့ အိမ့်မျက်တို့တွေ စမ်းတား ငါးဖမ်းစင်ပေါ်ကြီးကို ရောက်နေပါပြီ။ ဒီ ငါးဖမ်းစင်ကြီးအကြောင်းကိုတော့ သေချာ ဃကနန မသိသေးပါဘူး။ ဒီမှာ မေးချင်တာတွေတော့ အများကြီးပဲ။ ဒီမှာ တာဝန်ရှိတဲ့သူ ပိုင်ရှင်ဦးလေးကြီးကို မေးကြည့်လိုက်ပါဦးမယ်နော်။ အခုလောလောဆယ်တော့ ဦးက နဲနဲ အလုပ်ရှုပ်နေလို့ အိမ့်မျက် နဲနဲ လျှောက်ကြည့်လိုက်ဦးမယ်။

အိမ့်မျက်လည်း ငါးဖမ်းတဲ့နေရာကို ဆင်းကြည့်ချင်တာနဲ့ အောက်ဘက်ကို ဆင်းကြည့်လိုက်ပါဦးမယ်။

အခု အိမ့်မျက် ရောက်ရှိနေတာကတော့ စမ်းတားရဲ့ အောက်ဖက်မှာပါ။ ငါးတွေကို ကျုံးသွင်းပြီး ဖမ်းတဲ့နေရာကို ခက်ခက်ခဲခဲနဲ့ ကြိုးလှေခါးကနေ ဆင်းလာပါတယ်။ ပြီးတော့ ထိုင်ပြီးတော့ သူတို့ရဲ့ အခြေအနေကို ကြည့်နေပါတယ်။ ကြည့်နေတဲ့အခါကျတော့ ဘေးမှာ အုန်းတိုင်ကြီးတွေရှိတယ်။ ကွမ်းသီးတိုင်ကြီးတွေရှိတယ်။ အဲဒါကြီးနှစ်ခုရဲ့အလယ်မှာ ပိုက်တွေကို ပုခတ်လိုမျိုး ဆင်ထားပြီးတော့ ဒီရေကျလာတဲ့အခါမှာ ပါလာတဲ့ငါးတွေကို ပိုက်တွေနဲ့ ကျုံးသွင်းပြီးတော့ ဖမ်းနေတာပါ။ ဒီငါးတွေကိုခြောက်ဖို့ ဟိုဘက်ထိပ်မှာ တိုင်တွေအများကြီးရှိပါတယ်။ ဝါးတွေက ဒီ ကျုံးသွင်းထားတဲ့ ပိုက်ထဲကို ငါးလေးတွေဝင်လာဖို့ ခြောက်ပေးနေတာပါ။ ဒီအောက်မှာတော့ ပင်လယ်ရေမျက်နှာပြင်က ၁၈ ပေလောက် နက်တယ်ပေါ့နော်။ ဒီထဲကိုတော့ ငါးတွေ ဝင်လာတာ အစုံပါပဲ။ ငါးသေးသေးလေးတွေကော ငါးကြီးကြီးတွေကော တစ်ခါတစ်လေကျရင် ငါးမန်းတွေပါ ဝင်လာတက်တယ်လို့ ဒီက အကိုတစ်ယောက်က ပြောပါတယ်။ ငါးတွေကတော့ အစုံပါပဲ။ အချို့ငါးတွေဆို ငါးဇင်ရိုင်းတွေလည်း ပါပါတယ်။ ဒီအထဲမှာပါတဲ့ ငါးကျားမဆိုတဲ့ငါးက သူ့ရဲ့ ဆူးတောင် ဆူးမိရင် တစ်ချိန်လုံး အော်နေရပါတယ်တဲ့။ အဆိပ်ပြင်းတဲ့ငါးတွေလည်း အများကြီးပါပါတယ်။ ပြိးတော့ ဒီငါးတွေအပြင် သဘာဝကဖြစ်လာတဲ့ အပင်တွေက ကြွေလာတဲ့ အုန်းလတ်တွေ အမှိုက်တွေပါသလို လူတွေ အများကြီး စွန့်ပစ်ထားတဲ့ ပလက်စတစ်အိတ်တွေကိုလည်း အိမ့်မျက် စိတ်မကောင်းစွာနဲ့ပဲ အများကြိး တွေ့ရပါတယ်။

အပေါ်ကကြည့်တော့ မသိသာပေမယ့် အောက်ဆင်းကြည့်လိုက်တော့ အောက်ထဲမှာ ပင်လယ်ရေက အရမ်းကို စီးနေတာပါ။ ဒီ စမ်းတားကြီးကို ဘယ်လိုများ တည်ဆောက်ခဲ့တယ်ဆိုတာက စမ်းတားပိုင်ရှင် ဦးလေးကြီးက ရှင်းပြနေပါတယ်။

ဆောက်ထားတာက ကွမ်းသီးတိုင်တွေကို သုံးတောင်ကို တစ်လုံး စိုက်ရပါတယ်။ ဒီစင်ကြီးက အလျား အားလုံးပေါင်း အတောင် ၆၀ ရှိပါတယ်။ တစ်ဖက်ကို ၁၅ လုံး အပြင်ကစိုက်တဲ့ကောင်ကို ပိုးတိုင်လို့ ခေါ်တယ်။ အတွင်းကစိုက်တဲ့ဟာကိုတော့ အိမ်မတိုင်လို့ ခေါ်ပါတယ်။ ဒါကတော့ ဒီဘက်က အခေါ်အဝေါ်ပေါ့လေ။ အဲဒါတွေကို အကွက်ကျ လိုက်စိုက်ပြီးတော့မှ ဒီပိုက်ကြီးကို ထောင်လို့ရတာပါ။ ဒီပိုက်ကြီးတွေထောင်ဖို့အတွက် အဲဒီ ပိုးတိုင်တွေမရှိရင် ထောင်လို့မရဘူး။ ဒါက ဟိုတုန်းထဲက ကျွန်တော်တိုပ မမွေးခင်ကတည်းက ဒီလုပ်ငန်းရဲက ထုံးစံပါပဲ။ မြေကြီးက အရးကြီးတယ်။ မြေကြီးရယ် ရေစီးရယ်ဖို့ ရေစီးဖြောင့်ဖို့အတွက် ဒါကတော့ ပင်လယ်သားတွေရဲ့ ပညာရပ်ပေါ့နော်။ အဲလိုဖြောင့်ဖို့အတွက်ကို အခုလို စိုက်တက်မှ ရတာပါ။ ရမ်းစိုက်လို့ မရဘူး။ ပထမဆုံး တစ်လုံးစိုက်တယ်။ ရေစီးတာကိုကြည့်ပိးတော့ တန်းစီပြီး စိုက်ရတယ်။ ဒီစမ်းတားကြီးသာ ဆောက်ထားတာ လွဲနေမယ်ဆိုရင် ရေက အခုလိုမျိုး စီးတာ မဖြောင့်တော့ဘူး။ အဲလို ရေမဖြောင့်တဲ့အတွက် ငါးလည်း မရနိုင်ဘူး။ ဒီနေရာက ကျွန်တော်တို့ ထုံးစံ ပြောမယ်ဆိုရင် ရေ နောက်ဆုံးအစစ် နွေရာသီပေါ့ ဗမာလနဲ့ဆိုရင် တပေါင်း တန်ခူးကို ရေသား ၈ တောင် ရေသား ၈ တောင်ဆိုတော့ ဒီနေရာက ပေနဲ့တွက်မယ်ဆိုရင် ၁၀ ပေလောက်တော့ ရှိမှာပေါ့။ အဲအနေအထားကိုပဲ စိုက်လို့ရတယ်။ ရေနက်ထဲ သွားစိုက်လို့မရဘူးဆိုတာက ဒီဟကြီးကတော့ စိုက်လို့ရတယ်။ ဒါပေမယ့် ရှေ့က ခြောက်တိုင်ဆိုတဲ့ ဝါးက ဒီခေတ်မှာ အရှည် မရတော့ဘူး။ ဦးလေးတို့ စမ်းတားက ကန်တော့ပုံစံ သွားတာလေ။ ကန်တော့ပုံစံသွားတော့ ကိုယ်တက်နိုင်ရင် တက်နိုင်သလောက် ခြောက်တိုက်ကြီးကို ထိုးထားလေ အဝ အကျယ်ကြီးကို ရလေပါပဲ။ အခု လက်ရှိ ဒီအဝဆိုရင် လက်လံ ၄၀၀ လောက်ရှိတယ်။ အလံနဲ့ဆိုရင်ပေါ့။ ဒီအဝထဲကို ဝင်လာတဲ့ ငါးမှန်သမျှ ဒီပိုက်ထဲကို ဝင်လာတာပါ။

ဦးလေးရှင်းပြမှပဲ စမ်းတားတည်ဆောက်ရတာ မလွယ်တာကို သိလိုက်ရပါတယ်။ ဒီလို တည်ဆောက်ဖို့ကို ခေတ်မှီစက်ပစ္စည်း တစ်ခုမှမသုံးပဲ လူအားနဲ့ပဲ တက်နိုင်သလောက် တည်ဆောက်ခဲ့ရတာပါ။ နောက်ပြီးတော့လည်း ဒီစမ်းတားကြီးကို တည်ဆောက်တဲ့အခါမှာလည်း သံတစ်ချောင်းမှ မသုံးထားပါဘူးတဲ့။

ဒီ ပင်မ အဆောက်အဦးကြီးနဲ့ ပတ်သက်ပြီး သံတစ်ချောင်းမှ မသုံးထားပါဘူး။ တစ်ချောင်းမှလည်း ရိုက်လို့မရဘူး။ မူလီလည်း စုတ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက အငြိမ်မနေဘူးပေါ့။ သံတစ်ချောင်းမှ မပါဘူး။ သံတို့ဘာတို့ဆိုတာက ငြိမ်နေတဲ့နေရာမျိုးမှာမှ ထားလို့ရတာ။ ရိုက်လို့ရတာပါ။ မူလီတို့ဘာတို့လည်း ဒီအတိုင်းပဲ။ ဒီနေရာမှာ ပြောမယ်ဆို ဘိုးစဉ်ဘောင်ဆက် အချိန်တုန်းကတည်းက အခုလို ကြိုးတောင်မဟုတ်ဘူး။ ကြိမ်နဲ့သုံးတာ။ ကြိမ်ရဲ့ ခိုင်မြဲမှုက ဒီကြိုးထက် နှစ်ဆ ခိုင်တယ်။

စမ်းတားငါးဖမ်းလုပ်ငန်းက မြန်မာပြည်မှာ မရှိသလောက်ကို ရှားပါးနေပါပြီ။ သုံးခုတည်းပဲ ရှိတော့တယ်လို့လည်း သိလိုက်ရပါတယ်။

ပြောမယ်ဆိုလို့ရှိရင် အခု ဧရာမှာလည်းပဲ လုံးလုံး မရှိတော့ဘူး။ ကျွန်တော်တို့ သိသလောက်ကတော့ ဟိုဘက် ရခိုင်ကမ်းရိုးတန်းဘက်လည်း တစ်လုံးမှ မရှိတော့ဘူး။ ဒီဘက် ဗိတ်ဘက်မှာလည်း တစ်ခုမှ မရှိတော့ဘူး။ ဒီမြစ်ဝကျွန်းပေါ်မှာ ဒီ ကဒုံနေရာမှာ ကျွန်တော်တို့နှစ်ဦးပဲ ရှိတော့တာပါ။

ဒီ ရှားပါးသွားတဲ့ ငါးဖမ်းနည်းကို ထိန်းသိမ်းသွားဦးမလား ဆိုတာကတော့။

ဒါ ဦးလေးတို့က မိရိုးဖလာလဲဖြစ်နေတယ်။ နောက်ပြီးတော့ ကိုယ်ကိုတိုင်ကလည်း ဒီလုပ်ငန်းနဲ့ပတ်သက်လို့ အစစအရာရာ ကျွမ်းကျင်တယ်ဆိုတော့လေ လုပ်စားလို့ရတာပေါ့။ ဦးလေးတို့ မရှိဘူးဆိုရင် ဦးလေးတို့ သားသမီးတွေ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး မကျွမ်းကျင်တော့ဘူး။ သူတို့ လုပ်စားလို့ မရတော့ဘူး။ အဲတော့ သူတို့ကိုလည်း ဒီလုပ်ငန်းနဲ့ပတ်သက်လို့ အမွေမပေးဘူး။ မလုပ်နဲ့လို့ ပြောထားတယ်။ လုပ်မယ်ဆိုလည်း လက်မခံဘူးလို့ ပြောထားတယ်။

အိမ့်မျက်တို့က ဦးလေး ငါးသိမ်းပြီးတဲ့အချိန် ညဘက်ကျမှ ကဒုံကို ပြန်ကြမှာပါ။ ဒီနေ့ ညစာကိုတော့ စမ်းတားပေါ်မှာပဲ စားကြမှာပါ။ နောက်ပြီး ဦးလေးက ရေတိုးပေးဦးမယ်လို့လည်း ပြောပါတယ်။ ရေတိုးပေးတယ်ဆိုတာကတော့ ရိုးရာအတိုင်း ယုံကြည်ရာ နတ်တွေကို ပူဇော်တာကို ပြောတာပါ။ အခုတော့ ပင်လယ်သားတွေ ဟင်းချက်တာကို သွားကြည့်လိုက်ပါဦးမယ်။

ဦးရေ အခု ဘာချက်မှာလဲဟင်။

ချဉ်ပြုံး ချက်ကျွေးမှာပါ။

ချဉ်းပြုံးဆိုတာက ဟင်းချိုလားရှင့်။

ဟုတ်ပါတယ်။ ပင်လယ်သား ဟင်းချိုပေါ့။ ဒီဟင်းခွက်မပါပဲ ထမင်းစားလို့မရဘူး။

အော် ပင်လယ်သားတွေ ဒီ ဟင်းခွက်မပါပဲ ထမင်းစားလို့မရတဲ့ ပင်လယ်သား ဟင်းချိုတဲ့။ အိမ့်မျက်တို့ ဘာတွေပါလဲ စပ်စုကြည့်ရအောင်။ ဒီမှာ ပန်ကန်ထဲမှာတော့ ချက်ဖို့ ပြင်ထားတဲ ငါးတွေကတော့ မျိုးစုံပါပဲ။ ကာဗလင်း၊ ပုဇွန်၊ ငါးနှက်၊ ငါးကျားမ ဒါတွေ အစုံ ပါပါတယ်။ အခုမှပဲ ဒီ ပိုက်ထဲမှာ တက်လာတဲ့ ငါးတွေ ပုဇွန်တွေ တကယ် လက်လက်ဆက်ဆက်တွေပါ။ ဒီဟာတွေနဲ့ ဟင်းချက်မှာပေါ့နော်။

ဟုတ်ပါတယ်။

ချဉ်ပြုံးဟင်း ချက်တယ်ဆိုတာကတော့ အင်မတန်မှ ရိုးရှင်းပါတယ်။ ကြက်သွန်နီနဲ့ စနွင်းကို ဆီသက်တယ်။ ဒါဟာ ပင်လယ်သားကြီးတွေအတွက် နေ့လယ်စာ မနက်စာ ညစာတွေမှာ ဒီဟင်းမှ မပါရင် လုံးဝ အဓိပ္ပာယ် မရှိဘူးလို့လည်း သိရပါတယ်။ အတော်လေးလည်း စားကောင်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly