ပေါ့ဂ်ဘာနှင့်မန်ယူတို့၏ နောက်ဆုံးအခြေအနေ

ပေါ့ဂ်ဘာနှင့်မန်ယူတို့၏ နောက်ဆုံးအခြေအနေ

ဇူလိုင် ၂၉ ။             ။ ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းတွေကတော့ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ နောက်ဆုံးဖြစ်ပေါ်နေတဲ့သတင်းတွေကတော့ မန်ယူက ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှု ရခဲ့ပြီဆိုတာပါ။

ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်း ၁၀၀ အထက်ဖြစ်ပါတယ်။ ယူရိုသန်း ၁၁၀ လို့ သတင်းထွက်နေသလို ပေါင်သန်း ၁၁၀ လို့လည်း အချို့မီဒီယာတွေက ဖော်ပြနေပါတယ်။

ပေါ့ဂ်ဘာကိုခေါ်ဖို့ အဓိက ပြဿနာဖြစ်နေတဲ့ အေးဂျင့်ရွိုင်အိုလာရဲ့ အေးဂျင့်ခကိုလည်း မန်ယူနဲ့ဂျူဗင်တပ်စ်တို့က ပေးချေဖို့သဘောတူလိုက်ပြီလို့ သိရပါတယ်။

အမေရိကန်မှာ အပန်းဖြေနေတဲ့ပေါ့ဂ်ဘာဟာ မကြာခင် လော့စ်အိန်ဂျလိစ်မှာ ဆေးစစ်မယ်လို့ ကမ္ဘာ့မီဒီယာပေါင်းစုံက ဖော်ပြထားပါတယ်။

ဒေးလီးမေးလ်ကတော့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ လို့ ဖော်ပြထားပြီး တစ်ပတ်လုပ်ခလစာငွေက ပေါင် ၂ သိန်း ၉ သောင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုမယ်လို့ ဆိုထားပါတယ်။ ပေါ့ဂ်ဘာရဲ့လစာငွေက ရီးယဲလ်မှာရှိနေတဲ့ ကစားသမားအားလုံးထက်များပြားနေလို့ ရီးယဲလ်က ပေါ့ဂ်ဘာကို လက်လျှော့သွားပြီလို့လည်း ဂိုးလ်ဒေါ့ကွန်းက ဖော်ပြထားပါတယ်။

ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေးက ကမ္ဘာ့ဘောလုံးလောကမှာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမှာလည်း ဖြစ်ပါတယ်။ အပြောင်းအရွှေ့ရာသီမပိတ်သိမ်းမီအထိ သတင်းတွေက ဆက်လက်ဖြစ်နေပေါ်နေဦးမှာ သေချာပါတယ်။ ထူးခြားမှုတွေကို ဆက်လက်တင်ဆက်ပေးပါဦးမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly