မြန်မာပြည် HIP HOP Underground စျေးကွက်

မြန်မာပြည် HIP HOP Underground စျေးကွက်
ဓာတ်ပုံ- ဟောင်ဆာ

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ Hip Hop တေးသီချင်းတွေကို Underground မှာပဲကြားရနိုင်ပြီး အောင်မြင်သွားပြီဖြစ်တဲ့ Hip Hop အဆိုတော်တွေမှာ ပရိသတ်အကြိုက်သီချင်းတွေကိုပဲ လုပ်နေကြတယ်လို့ ပရိသတ်တွေနဲ့ Hip Hop လောကသားအချင်းချင်းအကြားမှာပါ အငြင်းပွားနေကြပါတယ်။ နာမည်ကြီး Hip Hop အဆိုတော်တွေက ဘာကြောင့် Hip Hop အစစ်အမှန်တွေကို ချမပြတော့တာလဲ၊ Underground ကလူငယ်တွေကရော သူတို့သီချင်းတွေ ပရိသတ်ဆီရောက်ဖို့ ဘယ်လိုရုန်းကန်လှုပ်ရှားနေသလဲ။ ဒီကိစ္စကို Hip Hop ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြတယ်။

သက်တမ်း ၁၆နှစ်ပဲရှိသေးတဲ့ မြန်မာပြည် Hip Hop လောကမှာ မျိုးဆက်တွေပြောင်းလဲလာပြီး ၂၀၁၅ နောက်ပိုင်းမှာတော့ အနည်းငယ်အားပျော့လာသလို Club Hip Hop ၊ Dance Hip Hop လိုမျိုးတွေခေတ်စားလာလို့ Hip Hop ရဲ့အရသာအစစ်လျော့ကျလာပါတယ်။ မြန်မာပြည်လူငယ်တွေရဲ့ ထွက်ပေါက်တစ်ခုလိုဖြစ်လာတဲ့ ဒီဂီတကို Underground မှာ လူငယ်တွေထောင်သောင်းချီပြီး သီချင်းတွေလုပ်နေပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်နေတဲ့ လူငယ် Rapper တွေကတော့ ဆယ်ဂဏန်းတောင်မရှိပါဘူး။

လက်ဆင့်ကမ်းကူညီမှုပျောက်နေတာလား

ဘယ်လိုဂီတအမျိုးအစားမှာမဆို နောက်တက်လာမယ့်လူငယ်တွေကို နေရာရပြီးသားအဆိုတော်တွေက လက်ဆင့်ကမ်းကူညီနိုင်မှသာ ရေရှည်ခိုင်မာပြီးတိုးတက်နိုင်မှာပါ။ Hip Hop ဘိုးအေနိုင်ငံကြီး အမေရိကန်မှာ ဆိုရင် Hip Hop ဟာ အဖေနဲ့သားတွဲဆိုနေကြတဲ့အထိ လက်ဆင့်ကမ်းအမွေပေးနေပါတယ်။ မြန်မာနိုင်ငံ Hip Hop လောကမှာ လက်ဆင့်ကမ်းကူညီမှုပျောက်နေတာလား။ “ကျွန်တော်တို့တုန်းက ကိုယ်တိုင်ဘယ်လိုလေ့လာရတာ၊ ဘာညာဆိုပြီး ချာတိတ်တွေကို ဆရာမလုပ်ချင်ဘူး။ အခုထိကျွန်တော်ကိုယ်တိုင်သင်ယူနေဆဲပဲ။ ကျွန်တော့်ဆီလာတဲ့လူငယ်တွေအားလုံးကို အမြဲကူညီတယ်။ ခေတ်တွေပြောင်းလို့လေ့လာရတဲ့နည်းပညာတွေကွာသွားကလွဲရင် ကြိုးစားရတာချင်းကတော့ အတူတူပါပဲ။” လို့ မြန်မာပြည် Hip Hop သမိုင်းကိုစတင်ခဲ့တဲ့ Acid အဖွဲ့က ရန်ရန်ချန်းက လက်ဆင့်ကမ်းကူညီမှုနဲ့ပတ်သက်ပြီး ပြောပါတယ်။

မြန်မာနိုင်ငံမှာ Hip Hop ကို အမေရိကန်ပုံတူကူးပြီး လုပ်နေတာထက် ကိုယ်ပိုင်ဟန်နဲ့ မြန်မာ Hip Hop ဆိုတာမျိုးကို ချပြနိုင်ဖို့က အရေးကြီးပြီး မလုပ်နိုင်ခဲ့ရင် မှေးမှိန်ပျောက်ကွယ်သွားနိုင်တယ်လို့လည်း Acid အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အနဂ္ဂက ပြောပါတယ်။ “အမေရိကန်Hip Hopကိုပဲပုံစံတူကူးနေပြီး ကိုယ်ပိုင်ဟန်ပျောက်နေမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ Hip Hop ဆိုတာ ပုံတူကြီးပဲဖြစ်နေမှာပါ။ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ Hip Hop အမျိုးအစားမျိုးဖြစ်မနေရင်တော့ ရေရှည်မှာ ပျောက်ကွယ်သွားနိုင်ပါ တယ်။”

တကယ်တော့ မြန်မာပြည် Hip Hop မှာ လက်ဆင့်ကမ်းကူညီမှုမျိုးပျောက်ဆုံးနေတာမဟုတ်ပဲ ရှေ့က လုပ်ခဲ့တဲ့ လူတွေမှာပါ ရပ်တည်မှုအတွက် အခက်အခဲရှိနေတာပါ။ Hip Hop ဂီတလောကမှာပါ တစ်ချို့ကဖျော်ဖြေရေးအ တွက်ပဲဦးစားပေးလုပ်နေသလို တစ်ချို့ကလည်း တကယ့်ဘဝတွေကို ထင်ဟပ်စေမယ့်သီချင်းမျိုးတွေကိုပဲ လုပ်နေကြပါတယ်။ တစ်ချို့က Hip Hop ကိုဂီတအမျိုးအစားတစ်ခုလို့ယူဆပြီး တစ်ချို့ကလည်း Hip Hop ကို ဘဝနေထိုင်မှုပုံစံအထိ မှတ်ယူနေထိုင်ပါတယ်။

Hip Hop နဲ့ငွေကြေး

မြန်မာနိုင်ငံက Hip Hop အဆိုတော်အများစုဟာ သီချင်းဆိုပြီးဘဝမရပ်တည်နိုင်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့အောင်မြင်နေတဲ့အဆိုတော်တစ်ချို့ကလွဲရင် အဆိုတော်အများစုက အလုပ်လုပ်ရင်း သီချင်းဆိုနေကြတာ ပါ။ Hip Hop အဆိုတော်အများစုရဲ့အဓိက ဝင်ငွေက ရှိုးဆိုတာပဲဖြစ်ပြီး အယ်လ်ဘမ်ထုတ်တာက အဓိက မကျပါဘူး။ “ကျွန်တော်တို့ ရပ်ဝန်းမှာ Hip Hop နဲ့ငွေမရှာရဘူး၊ အနုပညာသမားငွေမမက်ရဘူးဆိုပြီး အသံတွေ အမြဲလိုထွက်နေတယ်။ တကယ်တော့ Hip Hop လောကဆိုတာ Rap ဆိုတဲ့လူတွေနဲ့ချည်းတည်ထောင်ထား တာမဟုတ်ပါဘူး။ ဒီလောကထဲမှာကျင်လည်နေတဲ့လူတွေအားလုံးရဲ့စိတ်ထဲမှာ Hip Hop ပဲရှိတယ်။” Cyclone အဖွဲ့ကသုတအေးက ငွေကြေးနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောပါတယ်။

ငွေကြေးက မြန်မာပြည် Hip Hop တိုးတက်ဖို့အတွက် အဟန့်အတားတစ်ရပ်ဖြစ်နေပြီး လူငယ်တွေဟာ သူတို့ဂီ တကို ပရိသတ်ဆီချပြနိုင်ဖို့အတွက် ကိုယ်ပိုင်ငွေနဲ့ပဲ ရုန်းကန်နေရပါတယ်။ စတူဒီယိုသွားပြီး သီချင်းတစ်ပုဒ်ဖန် တီးဖို့ဆိုတာ အနည်းဆုံးသောင်းဂဏန်းလောက်ကုန်ပြီး အခြားအထွေထွေကုန်ကျစရိတ်နဲ့တွက်ရင် သိန်းဂဏန်း လောက်အထိရှိနေပါတယ်။ အခွေရောင်းအားမရှိတဲ့အတွက် ပရိုဂျုဆာတွေကလည်း လူငယ်တွေကို နေရာမ ပေးရဲပဲ အောင်မြင်ဖို့သေချာပြီသားအဆိုတော်တွေကိုပဲ အခွေထုတ်ဖို့စိတ်ဝင်စားပါတယ်။ “သဇင်တို့ YAK အနေနဲ့က သီချင်းဆိုချင်လို့ဆိုတာ။ တစ်ခြားဘာမျှော်လင့်ချက်မှမရှိဘူး။ အဖွဲ့က အေးအေးအောင်ရော၊ သဇင်ရော ငွေရဖို့အလုပ်လုပ်ရတယ်။ အဲ့ဒီထဲကမှ ပိုက်ဆံစုပြီး အခွေထုတ်ထားတာ။ ကိုယ်လုပ်ချင်တာ လုပ်ပြီးလို့ ကျေနပ်တယ်။ ငွေကြေးအကျိုးအမြတ်ကိုမမျှော်လင့်ပါဘူး။ ” လို့ YAK အဖွဲ့က သဇင်ကပြောပါ တယ်။

အောင်မြင်ပြီးနောက်ဘာကြောင့် ဂီတပုံစံပြောင်းသွားသလဲ

မြန်မာပြည် Hip Hop မှာ Underground မှာသီချင်းပုံစံအမိုက်စားတွေလုပ်ပေမယ့် အယ်လ်ဘမ်ထွက်တဲ့အခါ မှာဂီတအမျိုးအစားတွေပြောင်းလဲသွားတတ်ကြပါတယ်။ ဒီလိုအခြေအနေကို ပရိသတ်တွေက ကြိုက်တာရှိသလို Hip Hop အရသာစစ်စစ်ကိုမှ ခံစားနားဆင်လိုတဲ့ပရိသတ်တွေကတော့ မကြိုက်ကြပါဘူး။ ဘာကြောင့် သီချင်း ပုံစံတွေပြောင်းလဲသွားသလဲဆိုတာကိုတော့ လူငယ်ကြိုက် Hip Hop အဆိုတော် G-Fatt ကရှင်းပြပါတယ်။ “ကျွန်တော်တို့အဆိုတော်တွေက ခရိုနီဆန်ဆန်ပရိုဂျုဆာတွေရဲ့လက်ထဲမှာပိတ်မိနေကြတယ်။ ကျွန်တော့် သီချင်းတွေအောင်မြင်နေတယ်ဆိုပေမယ့် Underground မှာ ကျွန်တော့်ထက်ပိုမိုက်တဲ့ Rapper တွေအများကြီးရှိတယ်။ ကျွန်တော့်အနေနဲ့လည်း တကယ့်ဘဝကိုထင်ဟပ်စေတဲ့သီချင်းတွေအများကြီးရေးချင် တယ်။ ဆိုလည်းဆိုချင်တယ်။ ဆိုပြီးသားတွေလည်းရှိတယ်။ ဒါပေမယ့် ပရိုဂျုဆာက ဒီသီချင်းဖြုတ်ပေးပါ။ ဒီသီချင်းထည့်ပေးပါဆိုတော့ပြောင်းပေးရတယ်။ ကျွန်တော်တို့ထမင်းစားဖို့ရပ်တည်ရတာလည်းရှိသေးတယ် လေ။”

Main Stream ပေါ်က Hip Hop အဆိုတော်တွေ သီချင်းပုံစံပြောင်းလဲသွားတဲ့အပေါ် Underground က Rapper တွေကလည်း အမြင်စောင်းကြပါတယ်။ အချစ်သီချင်းတွေက Hip Hop စစ်တယ်၊ မစစ်ဘူးဆိုတဲ့ ပြဿနာကလည်း မြန်မာပြည် Hip Hop လောကမှာ အမြဲလိုအငြင်းပွားလေ့ရှိပါတယ်။ “Hip Hop ရဲ့အဓိက အချက်ကရိုးသားဖို့လိုတယ်။ အချစ်အကြောင်းမဆိုရဘူးလို့ သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ကောင်မလေးကို တကယ်ချစ်ပြီး ရိုးရိုးသားသားချစ်ခွင့်ပန်တာမျိုး Hip Hop မှာဆိုလို့ရပါတယ်။” လို့ အနဂ္ဂက ပြောပါတယ်။

မြန်မာပြည် Hip Hop မှာ Underground ဈေးကွက်လိုနေပြီလား

မြန်မာနိုင်ငံရဲ့Underground Hip Hop လောကဟာ အခွေရောင်းစရာဈေးကွက်မရှိပဲ ကိုယ့်အနုပညာကို ချပြခွင့်ရဖို့အတွက် အလကားဝေပေးနေတာမျိုးပဲရှိပါတယ်။ ဒီအခြေအနေကသီချင်းဖန်တီးမယ့် လူငယ်တွေ အတွက် အခက်အခဲရှိပါတယ်။ နိုင်ငံတကာမှာ တစ်ချို့Hip Hop အဆိုတော်တွေဟာ Underground မှာပဲ လှုပ်ရှားပြီး ရပ်တည်နေထိုင်နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ခက်ပါတယ်။

Hip Hop ဂီတ မြန်မာနိုင်ငံမှာဆက်လက်ရပ်တည်ရှင်သန်နိုင်ဖို့အတွက် Underground လှုပ်ရှားမှုကအရမ်းအ ရေးကြီးပါတယ်။ မျိုးဆက်သစ်လူငယ်တွေဟာ Underground မှာပဲရှိနေတာပါ။ “တကယ်က Underground တွေ Main Stream တွေခွဲမနေပဲ အားလုံးကိုနားထောင်သင့်ပါတယ်။ ဒါမှ ကိုယ့်လောကထဲမှာ ဘာတွေဖြစ် နေသလဲ ဘယ်သူတွေက ဘာသီချင်းတွေဖန်တီးနေသလဲဆိုတာသိမှာပါ။ အကြီးတွေအနေနဲ့လည်း ဒါမှအငယ် တွေကိုလက်တဲခေါ်နိုင်မှာပါ။ မြန်မာနိုင်ငံမှာ Underground ဈေးကွက်ကတော့တကယ်ကို လိုအပ်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် Underground ကလာတာဆိုတော့ ဘယ်လောက် ရုန်းကန်ရသလဲဆိုတာသိပါတယ်။”လို့ လူငယ် Hip Hop အဆိုတော် Little Z ကပြောပါတယ်။

၂၀၀၀ခုနှစ်မှ Acid စတင်ခြင်းနဲ့ စတင်ခဲ့တဲ့ မြန်မာ့ Hip Hop လောကဟာ ၁၆နှစ်တာကာလအတွင်း အပြောင်းအလဲတွေ အများအပြားနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ခိုးကူးနဲ့ Downlord Link တွေကြောင့် ဈေးကွက်ပျက်နေတဲ့ မြန်မာ့ဂီတလောကနဲ့အတူ Hip Hop လောကဟာလည်း ခရီးကြမ်းကို ဖြတ်သန်းနေရပါတယ်။ ဒီအချိန်မှာ လူငယ် Hip Hop ဂီတသမားတွေအတွက် လိုအပ်ချက်ဖြစ်တဲ့ Underground ဈေးကွက် သာပေါ်ထွက်လာအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာ့ Hip Hop ဂီတ အခုထက်ပိုပြီး အရှိန်အဟုန်နဲ့ သွားနိုင်မလားဆိုတာကတော့………………..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags