နယ်စပ်အခြေစိုက်အရပ်ဘက်အဖွဲ့ ၄၀က ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့

နယ်စပ်အခြေစိုက်အရပ်ဘက်အဖွဲ့ ၄၀က ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့

မူလနိုင်ငံသားများအဖြစ် အသိအမှတ်ပြုရန်နှင့် မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန် နယ်စပ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၄၀ ဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့လိုက်သည်။

ထိုင်း-မြန်မာနုယ်စပ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၄၀ က လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၂၅ ရက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ခြင်း ဖြစ်သည်။

နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင်း ပွင့်ပွင့်လင်းလင်း လှုပ်ရှားနိုင်ရန်၊ ယခင်အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမှုရေးလှုပ်ရှားနေသူ ပုဂ္ဂိုလ်များကို အမည်မည်း စာရင်းထည့်ထားမှုမှ ပယ်ဖျက်ပေးရန်နှင့် လက်ရှိ အစိုးရမှလည်း အမည်မည်းစာရင်း ထည့်ထားသည့် ပုဂ္ဂိုလ်များကို ပျယ်ဖြတ်၍ တရားဝင် ထုတ်ပြန်ပေးရန် အဓိက တောင်းဆိုထားသည်ဟု နယ်စပ်အခြေစိုက်အရပ်ဘက်အဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်က ပြောသည်။

“နယ်စပ်အခြေစိုက်တဲ့အဖွဲ့အစည်းတွေက စစ်အစိုးရလုပ်ရက်တွေကို ကြည့်ပြီးတော့ လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဘယ်လောက်အတိုင်းအတာအထိ ကျနော်တို့အဖွဲ့တွေ ဘယ်နှစ်ယောက်ပါတယ်ဆိုတာ ကျနော်တို့ မသိတဲ့အတွက် ကျနော်တို့ ပြည်တွင်းမှာ ပြန်ပြီး ပွင့်ပွင့်လင်း လှုပ်ရှားလို့ရှိရင် အရင်က ဒီဖက်မှာသုံးတဲ့ နာမည်တွေနဲ့ လှုပ်ရှားလိုက်လု့ိ ရှိရင် ပိုပြီးတော့ အဟန့် အတားနဲ့ လုံခြုံမှုမရှိမှု ဖြစ်ပေါ်စေတဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီးတော့ အစိုးရသစ်အနေနဲ့ ဘာတွေလုပ်ပေးနိုင် မလဲဆိုတာ တခုလုပ်ပေးစေချင်တဲ့အတွက် တောင်းဆိုခြင်း ဖြစ်တယ်”ဟု သူက ပြောသည်။

လက်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ချို့ ပြည်တွင်း၌ ပြန်လည် လှုပ်ရှားရာတွင် အဟန့်အတားနှင့် လုံခြုံမှုမရှိခြင်းများ ဖြစ်ပေါ်နေသဖြင့် အစိုးရ သစ်အနေဖြင့် တစ်စုံတစ်ရာ ပေါ်လစီ ထုတ်ပြန်စေလိုသည်ဟု သူက ပြောသည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း ပြည်တွင်းတွင် လှုပ်ရှားနေသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် အစည်းအဝေး ပြုလုပ်ခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်းများတွင် ပိတ်ခံရခြင်းများ၊ အနှောက်အယှက်၊ အဟန့်အတား ခံရမှုများရှိနေသလို၊ ယခု အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်နောက်ပိုင်းတွင်လည်း အဟန့်အတားများ ရှိနေသည်ကို တွေ့ရဆဲ ဖြစ်သည်ဟု သူက ပြောသည်။

“ဥပမာအားဖြင့် ကျနော်တို့ ဒီပြည်ပရောက်နေတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံခြားရောက်ပြီးတော့မှ နိုင်ငံခြား ပတ်စပို့ ကိုင်တယ်ပေါ့ဗျာ။ ပြည်တွင်းမှာ ဗီစာ ပြန်ပြီးလျှောက်တဲ့အချိန်မှာ black list ရှိထားတဲ့အပေါ်မှာ မင်းကို ငါပေးလို့မရဘူး။ ဘာလို့လဲဆိုတော့ မင်းက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ အစိုးရမကောင်းကြောင်း ပြောထားတာရှိတယ် ဆိုပြီးတော့ ဗီဇာ ငြင်းပယ်ခံရတာတွေရှိတယ်။ တချို့က ပထမက ဝင်ခွင့်ပြုပြီးတော့ နောက်တချောက်ကျတော့ ဝင်ခွင့် မပေးတာတွေရှိသလို၊ လုံးဝ ဝင်ခွင့်မပေးတာတွေလည်းရှိတယ်။ ဆိုတော့ ဒီဟာတွေက အန်အယလ်ဒီအစိုးရအနေနဲ့က ဒါတွေလုံးဝ ပယ်ဖျက်ပြီးတော့မှ ပိုမိုပွင့်လင်းတဲ့ လူ့အသိုင်းအဝိုင်း ပိုမိုအားကောင်းတဲ့ ပူးပေါင်းပါဝင်မှုကို ဖန်တီးပေးဖို့လိုတယ်လို့ မြင်တယ်”ဟု သူက ပြောသည်။

နယ်စပ်တလျှောက်ရှိ လူမှုအဖွဲ့အစည်းများသည် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများတွင် ပိုမိုလုပ်ဆောင်နေသလို၊ တစ်ချို့အဖွဲ့အစည်းများသည် ပြည်တွင်းသို့ ဝင်ရောက်၍ လှုပ်ရှားနေမှုအပေါ် လုံခြုံမှု မရှိသေးကြောင်းနှင့် အကာအကွယ် မပေးနိုင်သေးသဖြင့် အခက်အခဲ အဟန့်အတားများ ရှိနေသည်ဟု သူက ပြောသည်။

လက်ရှိ လူ့အခွင့်အရေး မြှင့်တင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ် နိုင်ငံတော် ထူထောင်သည့်နေရာတွင် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် တဖက် တလှမ်းမှပါဝင်ကူညီနိုင်ရန်အတွက် အစိုးရအနေဖြင့် တစ်စုံတစ်ရာ လုပ်ပေးစေလိုသဖြင့် စာပို့တောင်းဆိုရခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် တစ်ချို့အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းတွင် အမည်ပြောင်း၍ လှုပ်ရှားသော အဖွဲ့အစည်းများရှိသလို၊ အတိုင်းအတာတခုထိ လှုပ်ရှားနိုင်မှုအပေါ် အစိုးရမှ ပေါ်လစီ မူဝါဒ အထောက်အပံ့ ကူညီပေးနိုင်ရန် လိုလားကြောင်း သူက ဆိုသည်။

နယ်စပ်အခြေစိုက်အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည် အပြောင်းအလဲကာလ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်ေးရးတည်ဆောက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများတွင် ပိုမိုအားကောင်းရန် ဝိုင်းဝန်း အားဖြည့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ပဲ့ကိုင်ကော်မတီဝင် ဒေါ်သွယ်ဇင်တိုးက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

“အစိုးရအနေနဲ့ ကျမတို့ ကိုယ့်တိုင်းပြည်ကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးနဲ့ မူလ နိုင်ငံသား အခွင့်အရေးတွေ ပြန်လည် ရရှိစေရေးအတွက် စဉ်းစားပေးပြီ းလမ်းညွန်ချက်များ အမြန်ဆ့ုး ချမှတ်ပေးစေလိုပါတယ်။ ပြီးတော့ အခို အမည်မည်းစာရင်းမှာ ပါေသေးသူတွေ စာရင်းကိုလည်း ထုတ်ပြန်ပေးစေလိုပါတယ်။ အခုလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဦးဆောင်တဲ့အချိန်မှာ ကျမတို့အနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိကြပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ နယ်စပ်တလျောက်ရှိ အရပ်ဘက် အဖွဲ့အစည်းများသည် နိုင်ငံရေး ဖိနှိပ်မှုများကြောင့် နယ်စပ်ဒေသသို့ ရောက်ရှိလာသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှာသူများ၊ တိုင်းရင်းသားလူငယ် အမျိုးသမီးအင်အားစုများ ဖြစပြီး ၁၉၉၅ ခုနှစ်မှစတင်၍ နယ်စပ်အသီးသီးရှိ လွတ်မြောက်နယ်မြေများကို အခြေခံ၍ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေဏီ၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် မေလ ၇ ရက်မှ ၉ ရက်အထိ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့က လက်ရှိ နိုင်ငံရေး အပြောင်းအလဲကာလတွင် နယ်စပ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပူးပေါင်း ပါဝင်ဆောင် ရွက်ရေး ဆိုင်ရာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပွဲကို နယ်စပ် တစ်နေရာတွင် ကျင်းပခဲ့၍ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်ထံ တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုဆွေးနွေးပွဲတွင် အဖွဲ့အစည်း ၃၃ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၅၉ ဦး တက်ရောက်ခဲ့သည်ဟု ဇူလိုင်လ ၂၆ ရက်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required