လူတစ်ယောက် မရှိတာနဲ့ခေတ် စနစ်ကြီးပြောင်းလဲ သွားမှာလား

လူတစ်ယောက် မရှိတာနဲ့ခေတ် စနစ်ကြီးပြောင်းလဲ သွားမှာလား

မဇ္ဈိမ စာဖတ်သူကဏ္ဍသို့ မေးလ်နဲ့ ရောက်ရှိလာတဲ့ စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သူ ကတော့ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ မှာနေတဲ့ ဒေါ်ဝင်းဝင်းမြတ်ပဲ ဖြစ်ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ စီးပွားရေးလုပ်ငန်း တစ်ခုကို ဦးဆောင်လုပ်ကိုင်နေ တဲ့သူဟာ အလုပ်စားပွဲမှာ ထိုင်ရင်း အချိန်ရရင် အင်တာနက် သုံးလေ့ရှိသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သည်ရက်ထဲမှာ ဖေ့စ်ဘွတ် သုံးရင်း သူတွေ့မြင်ဖတ်ရှုရတဲ့ အကြောင်းအရာတစ်ခုက မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုးကွယ်တဲ့ ဘာသာ တရားအရ မသင့်တော်တဲ့ အသုံးအနှုန်းနဲ့ ရေးသားထားတာတွေ ဖြစ်နေတာကို ပြောချင်လို့ ဒီစာကို ရေးသားပေး ပို့ခဲ့ရခြင်းဖြစ် တယ်လို့ ပြောပါတယ်။

သူဖတ်လိုက်ရတဲ့ အကြောင်းအရာကတော့ ဝန်ကြီးဟောင်းတစ်ဦးဟာ ဇူလိုင် ၈ ရက်နေ့ ညကသွေးတိုးပြီး မူးလဲလို့နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါ တယ်။ ဦးနှောက်ခွဲစိတ် အထူးကု ဆရာဝန် ကြီးက ဦးနှောက်သွေးကြော ပေါက်ပြီး သွေးယိုတာ အခြေအနေက ပြောလို့မရသေးဘူး၊ စိုးရိမ်ရတယ်လို့ ပြောကြောင်း ရေးထား တာ ဖတ်လိုက်ရတော့ ဝန်ကြီးဟောင်းအတွက် လူသားအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းပါစေလို့ ဆုတောင်းမေတ္တာ ပို့သမိခဲ့ တယ်လို့ ဆိုပါတယ်။

ဒီလိုဆိုလို့ သူ့ကို အစိုးရနဲ့ ကြံ့ခိုင်ရေးကို ထောက်ခံအားပေးသူလို့ မထင်ပါနဲ့၊ သူ့မှာ အရင် စစ်အစိုးရရော၊ အခုအစိုးရရောမကြိုက် ပါဘူး။ သူဆုတောင်းပေးတာက မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ သူတစ်ပါးအပေါ် စာနာစိတ်နဲ့ မေတ္တာပို့ တာဖြစ်တယ်လို့ပြော ပါတယ်။

ဒါပေမယ့် ဖေ့စ်ဘွတ်ထဲမှာ လူတချို့က ဝန်ကြီးဟောင်း နေမကောင်းဖြစ်တာကို ဝမ်းသာအားရနဲ့ ပြောနေ ရေးနေကြတာကတော့ မသင့်တော်ဘဲ ရေးကြဖို့ မကောင်းဘူးလို့ သူအနေနဲ့ ထင်မြင်မိပါတယ်လို့ ရေးပါတယ်။ ဒီပုဂ္ဂိုလ်ကို လူတွေ အမြင်မကြည်တာ၊ မနှစ်မြို့တာ ဘာကြောင့်လဲ ဆိုတဲ့အကြောင်းရင်းကို သူသိပါတယ်။ တကယ်တော့ ဒီလိုဖြစ်လာရတဲ့ အကြောင်းတရား က ခေတ် စနစ်နဲ့ အုပ်ချုပ်ရေးတွေကြောင့်ပါ။

မုန်းမယ်ဆိုရင် ဝန်ကြီးဟောင်းတစ်ယောက်တည်းတင်မကဘဲ အုပ်ချုပ်ခဲ့တဲ့ လူတွေအများကြီးကို မုန်းကြရ မှာဖြစ်တယ်လို့ ပြောပါ တယ်။ ဒါဆိုရင် အမုန်းတရားတွေနဲ့ ပြည့်နှက်ပြီး မုန်းတာကိုပဲ ပြောနေ စဉ်းစားနေရင် ဘယ်တော့မှ ပြောင်းလဲမှု ဖြစ်လာမှာ မဟုတ်ပါဘူး။

သူတို့တွေ ဒီလိုမလုပ်နိုင်အောင်လို့ ပြည်သူတွေအနေနဲ့ ဘယ်လိုပြောင်းလဲအောင် တွန်းလှန်ကြမလဲ ဆိုတဲ့ အတွေးကို အကောင် အထည်ဖော်ဖို့ကိုသာ ရှေးရှုပြီး ဆောင်ရွက်စေချင်ပါတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာလည်း ခေတ်စနစ်ဆိုတာ ချက်ချင်းပြောင်းဖို့ ကမလွယ်ဘဲ ကိုယ်တိုင်ကလည်း တက်တက်ကြွကြွ ပါဝင်ရမယ်။

အချိန်တော့ ပေးရမယ်ဆိုတာ ခေါင်းဆောင်လုပ်မယ့်သူတွေ အနေနဲ့ လက်ခံသဘောပေါက်ပြီး ပြည်သူတွေကို စည်းရုံး ပြော ဆိုနိုင်မှသာ ပြောင်းလဲမှုက အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်ဘာသာတရားမရှိဆို လူတစ်ယောက် သေအံ့ မူးမူး ဖြစ်နေတဲ့အချိန်မှာ အမြန်ဆုံး ပြန်ပြီး ကျန်းမာ ပါစေလို့ ဆုမတောင်းရင် ဘာအပြစ်မှ မရှိပါဘူး။ ဒါပေမယ့် မြန်မြန်သေပါစေ။

သူနေမကောင်းတာ ဝမ်းသာတယ်လို့ ပြောနေကြတာက အပြစ်ရှိတယ်လို့ သူထင်ပါတယ်။ ဒီလို ရေးနေကြတဲ့ သူတွေရဲ့ ရေးတဲ့ စာတွေကို ဖေ့စ်ဘွတ်မှာ ဝင်ကြည့်ရင်း သူစိတ်ထဲမှာ အထင်ကြီး လေးစားနေခဲ့တာဖြစ်ပြီး အခုတော့သူတို့ ဘယ်လိုလူစားတွေလဲ ဆိုတာ သိရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

သူ မရှိတော့တာနဲ့ ခေတ်စနစ်တွေ ပြောင်းလဲသွားမှာလား။ သူကျန်တဲ့ ပစ္စည်းတွေ ရလာမှာလား ဆိုတာကို စဉ်းစားပြီးမှ ရေးစေ ချင်ပါတယ်။ အထူးသဖြင့် သတင်းမီဒီယာတွေ ဝင်ရေးနေကြတာကို ဖတ်မိတော့ သူ့အနေနဲ့ ဘယ်လို့ နားလည်ရမလဲ မသိတော့ ဘူး။

ဒါကြောင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သူတစ်ပါး ရောဂါဝေဒနာ ခံစားရတာကို ပီတိဖြစ်စိတ်နဲ့ ရေးနေကြ တာတွေကို မသင့်တော်ဘဲ သူလုပ်တာ သူခံရမှာဆိုတဲ့ ဘာသာတရားအဆုံးအမကို တွေးပြီး မရေးကြစေချင်လို့ မဇ္ဈိမ စာဖတ်သူ ကဏ္ဍမှ တစ်ဆင့် ရေးသူများသို့ ဆိုပြီး ပေးပို့လာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags