ငယ်စဉ်ကတည်းက ကျောင်းဆရာအလုပ်ကို ရူးသွပ်ခဲ့ရပါတယ်ဆိုတဲ့ မူလတန်းပြဆရာမလေး ဒေါ်ချိုချိုအောင်

27 July 2016
ငယ်စဉ်ကတည်းက ကျောင်းဆရာအလုပ်ကို ရူးသွပ်ခဲ့ရပါတယ်ဆိုတဲ့ မူလတန်းပြဆရာမလေး ဒေါ်ချိုချိုအောင်

ရမ်းချောင်း အစိုးရမူလတန်းကျောင်းဆရာမလေး ဒေါ်ချိုချိုအောင်ရဲ့ ရင်တွင်းစကားများကို ဒီကနေ့ တင်ပေးလိုက်ပါတယ်။

ပင်လယ်နဲ့နီး နာဂစ်မုန်တိုင်းဒဏ်လည်း ခံလိုက်ရတဲ့ ဒေသက ကျောင်းဆရာ ဆရာမတွေရဲ့ဘဝနဲ့ စေတနာ ဝါသနာ အနစ်နာ အရင်းခံစိတ်ဓါတ်ကို အဲဒီ ရမ်းချောင်း မူလတန်းကျောင်းက ဆရာမ ဒေါ်ချိုချိုအောင်ရဲ့စကားထဲမှာ ထင်ထင်ရှားရှား တွေ့ကြရမှာလည်း ဖြစ်ပါတယ်။

ဆရာမ ဒေါ်ချိုချိုအောင်က အခုလို စတင်ပြောပြပါတယ်။

“ကျွန်မနာမည်ကတော့ ဒေါ်ချိုချိုအောင်ဖြစ်ပါတယ်။ နေတာကတော့ ကဒုံကနိမှာပါ။ တာဝန်ကျတာကတော့ အ.မ.က ရမ်းချောင်းကျောင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ဆရာမအလုပ်ကို ငယ်ငယ်လေးကတည်းက ဝါသနာပါတာပါ။ ခြံစည်းရိုးတိုင်တွေ သစ်ပင်လေးတွေကို ကျောင်းသားအဖြစ် ကိုယ်ကတော့ ဆရာမအနေဖြင့် ကစားခဲ့ဘူးပါတယ်။ တချို့ နံရံတွေမှာဆိုလည်း ဖြေဖြူခဲနဲ့ ခြစ်ပြီးတော့ ကစားခဲ့ဘူးပါတယ်။

ညီမ ဒီကျောင်းမှာ တာဝန်ကျတာကတော့ ၂၂. ၇. ၂၀၁၄ မှာ စတင် တာဝန်ထမ်းဆောင်တာပါ။ ဆရာမ စဖြစ်ဖြစ်ချင်းမှာပဲ ဒီကျောင်းမှာ တာဝန်ကျတာပေါ့နော်။ အရင်နှစ်တွေကတော့ ဆယ်တန်း အောင်ခါစဆိုတော့ ဒီကျောင်းလေးမှာ လုပ်အားပေး သင်ခဲ့ဖူးပါတယ်။ လုပ်အားပေးဆိုတဲ့အတိုင်း အတည်ဝန်ထမ်းတော့ မဟုတ်ဘူးလေ။ နောက်ပြီး ညီမတို့ ကျောင်းပြီးတော့ ဆွဲခန့်တွေ ခေါ်ပါတယ်။ အဲဆွဲခန့်တွေမှာ ညီမ ကျောင်းပြီးတော့ တိုက်ဆိုင်တာနဲ့ မထင်မှတ်ပဲ လျှောက်လိုက်မိတယ်။ လျှောက်လိုက်တော့ ဒီကျောင်းမှာကလည်း ၂၀၀၉ ခုနှစ်က လုပ်အားပေးခဲ့ဖူးတယ်ဆိုတဲ့ ထောက်ခံစားလည်း ပါပါတယ်။ အဲထောက်ခံစာနဲ့မိုလို့ ညီမ ဒီကျောင်းကိုပဲ တာဝန်ပြန်ကျတာပါ။

မိဘတွေကလည်း ဒီ ဆရာမအလုပ်လေးနဲ့ သင့်တော်တယ်ဆိုပြီးတော့ လုပ်ခိုင်းပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း နှစ်သက်တယ်။ မိဘတွေ ညီအကို မောင်နှမတွေကလည်း အားပေးတယ်။ ကျောင်းမှာက အခန်းမရှိတဲ့အခါကျတော့ ကလေးတွေကို ကိုယ်လိုချင်တဲ့ ကိုယ်သင်ချင်တဲ့ သင်ခန်းစာကလည်း မပေါက်ရောက်ဘူး။ နောက်ပြီးတော့ သူတို့တွေ ကြားရအောင်လို့ဆိုပြီး အော်ပြောရတော့ လည်ချေင်းတွေကလည်း နာတယ်။ အဲဒီလို အခက်အခဲလေးတွေတော့ ရှိတယ်။ ကျောင်းဆောင်လေး ကိုယ့်အခန်းနဲ့ကိုယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ ”

စာသင်ကြားမှု အတွေ့အကြုံတချို့ကိုလည်း ဒေါ်ချိုချိုအောင်က အခုလိုရှင်းပြပါတယ်။

“မဖြစ်မနေ ၅ နှစ်ပြည့်ရင် ကျောင်းတက်ရမယ်ဆိုတော့ ရွာမှာကလည်း ဒီကျောင်းတစ်ကျောင်းပဲ ရှိတယ်ဆိုတော့ ဒီမှာကြီးပဲပေါ့။ သင်တန်းမှာကတော့ အယောက် ၄၀ ဆရာမတစ်ယောက်ဆိုရင်တော့ တစ်ယောက်ကို ၃၅၊ ဒီထက်များမယ်ဆိုရင်တော့ အယောက် ၄၀ ပေါ့။ ဒီထက်လည်း အများကြီး မသင်နိုင်ဘူးပေါ့။ ဒီမှာကကျတော့ အယောက်ရေ ကန့်သတ်လိုက်မယ်ဆိုရင်တော့ ဒီကလေးတွေ ဘယ်မှာသွားတက်ကြမလဲ အဆင်မပြေတော့ဘူးပေါ့။ ကိုယ့်ကျောင်းမှာပဲ အယောက် ဘယ်လောက်ဖြစ်ဖြစ် လက်သင့်ခံရတယ်။ ဘယ်လောက်ဖြစ်ဖြစ်ပေါ့နော်။ ဒါပေမယ့် ဒီလို ကလေးအများကြီး မြင်တဲ့အခါကျတော့ ဘယ်လိုသင်ရမလဲဆိုပြီး စိတ်ထဲမှာတော့ အခက်ခဲတွေ ရှိတယ်ပေါ့။ စိတ်ထဲမှာတော့ စိတ်ပျက်မှုတွေ နဲနဲပါးပါး ရှိပါတယ်။ ဘယ်လိုလုပ်ရမလဲ သူတို့ တစ်ယောက်ချင်းဆီကို တစ်ခုချင်းဆီ ပေးရင်တောင်မှပဲ အများကြီး ဖြစ်နေပြီပေါ့နော်။

ဆရာမကြီးကတော့ စာသင်ကျောင်းလေး ဖန်တီးပေးမယ်။ ပြီးတော့ ညီမကလည်း ကိုယ်တက်နိုင်သလောက် သင်ထောက်ကူပစ္စည်းလေးတွေကို မိဘတွေရဲ့ စွန့်ပစ်ပစ္စည်းလေးတွေနဲ့ပဲဖြစ်ဖြစ် ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းလေးတွေ ပြင်ဆင်မယ်လို့ မှန်းထားပါတယ်။”

မူလတန်းပြဆရာဆရာမတွေဟာ စာသင်ကြားမှုအပြင် ကျောင်းသားများရဲ့ စာရိတ္တအပိုင်း၊ အတွေးအခေါ်အပိုင်းအတွက်ပါ ထည့်သွင်းစဉ်းစား တာဝန်ယူကြရပါတယ်လို့ ဒေါ်ချိုချိုအောင် ရှင်းပြပါတယ်။

“သူငယ်တန်းဆရာမအလုပ်က အရေးကြီးပါတယ်။ ပြီးတော့ ဒီကလေးတွေက ဒီကျောင်းကိုရောက်တော့ အခုမှ ကျောင်းကို စရောက်ဖူးတယ်။ ပြီးတော့ စည်းကမ်းပိုင်းလေးတွေ သူတို့နေ့ အနေအထိုင် အပြုအမူလေးတွေ အပြောအဆိုတွေ အဲဒါလေးတွေကို အရင်ဆုံး စပြင်ရပါတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ အရေးအသားလေးတွေ မှန်မှန်ကန်ကန်ရှိအောင် ပြောတက်ဆိုတက်အောင် ပြီးတော့ နားထောင်တက်လာအောင် သူများစကားပြောရင် နားထောင်တက်အောင် ယဉ်ကျေးမှုအပိုင်းတွေ စာရိတ္တအပိုင်းတွေ ရသအပိုင်းလေးတွေ အဲဒါလေးတွေကို စပြီးတော့ ပြင်ရပါတယ်။ အဲဒါတွေက အရေးကြီးပါတယ်။ သူတို့ တစ်သက်သာ ရေရှည်သွားရမယ့်ခရီးမှာပေါ့နော်။

သူငယ်တန်းဆိုတဲ့အတိုင်းပဲ သူတို့ဖြစ်ချင်တာလေးတွေ သူတို့လုပ်ချင်တာလေးတွေကို မေးတယ် မြန်းတယ် ဘယ်လိုလုပ်ရမယ်။ အခုထဲက စာကြိုးစားရမယ် အဲလိုလေး ဆုံးမစကားလေးတွေလည်း ပြောရတယ်။ သူတို့ကို စိတ်ထဲက ဖြစ်လည်းဖြစ်စေချင်တယ်ပေါ့နော်။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်းနဲ့တော့ အဆင်မပြေဘူးပေါ့နော်။ မိဘတွေအပေါ်မှာလည်း မူတည်တယ်ပေါ့နော်။ ရေရှည်သွားရမယ်ဆိုတော့။ သူတို့ ပြဿနာလေးတွေဖြစ်ပွားတယ်။ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုလေးတွေ ဖြစ်တယ်။ အဲဒါတွေကိုလည်း တစ်ခါတစ်ခါ ပြေလည်အောင် ဖြေရှင်းပေးရတယ်။ တစ်ခါတစ်ခါကျလို့ရှိရင် သူတို့တွေ ပျောက်ရှသွားတဲ့ ပစ္စည်းလေးတွေ အခက်အခဲလေးတွေ အဲဒါတွေကျရင် သူတို့ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့အခါကျရင် ကိုယ်ကနေ ကူညီပြီးတော့ ဝိုင်းရှာပေးတာတို့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီးတော့ ဝိုင်းရှာခိုင်းတာတို့ အဲလိုမျိုး အခက်အခဲလေးတွေကိုတော့ ဖြေရှင်းပေးရပါတယ်။ စာသင်တာတစ်ခုတည်းမဟုတ်ပဲ သူတို့ရဲ့ ဝေယျာဝစ္စလေးတွေကိုပါ နဲနဲပါးပါး ဖြေရှင်းပေးရပါတယ်။”

ကျောင်းဆရာမတစ်ယောက်အနေနဲ့ ကျောင်းသားတွေအပေါ်ထားရှိတဲ့ မေတ္တာစိတ်ကိုလည်း ဒေါ်ချိုချိုအောင်က ရှင်းပြပါတယ်။

“မြင်မြင်ချင်းလည်း ဒီကလေးတွေကို သနားမိတယ်။ သနားမိတယ်ဆိုတာက မပြည့်စုံတဲ့ ကလေးတွေဆိုတော့ ပြီးတော့ သူတို့ရဲ့ နေထိုင်မှုတွေ စားတာကအစ စိတ်ထဲမှာ သနားမိတာတော့ အမှန်ပါပဲ။ သနားမိတဲ့အခါကျတော့ သူတို့ဘဝလေးတွေကို ရေရှည် ဒီလိုမျိုးဘဝမျိုးနဲ့ မသွားစေချင်ဘူး။ သူတို့တွေ ကြီးလာလို့ရှိရင် အဆင့်တန်းရှိရှိလေး နေနိုင်ထိုင်နိုင်အောင် လူလုံးလှလှလေးတွေ သူတို့လေးတွေကို ဖြစ်စေချင်တယ်။ ကိုယ်သင်ခဲ့တဲ့ တပည့်လေးတွေက တစ်နေရာမှာ တာဝန်ထမ်းဆောင်တာတို့ တစ်နေရာရာမှာ ကောင်းကောင်းမွန်မွန် နေထိုင်ရတာတို့ဆို အဲလိုမျိုးလေးတွေတော့ ဖြစ်လည်းဖြစ်စေချင်တယ်။ ဆန္ဒလည်းရှိတယ်။ အဲဒါကြောင့်မို့ ဒီ သူငယ်တန်းကနေစပြီးတော့ သူတို့လေးတွေကို စည်းကမ်းပိုင်းလေးတွေကို သတ်မှတ်ပေးတယ်။ ပြီးလို့ရှိရင် သူတို့လေးတွေကို ကောင်းတာတွေ ဆိုးတာတွေကို ပုံပြင်လေးတွေနဲ့ ဝေဖန်ပိုင်းခြားခိုင်းပြီးတော့ အဲလိုမနေနဲ့ ဒီလိုနေဆိုပြီးတော့ အဲဒါလေးတွေကို သူတို့တွေသိအောင်လို့ ဆုံးမစကားလေးတွေတော့ ပြောမိတယ်။ ”

ကျောင်းဆင်းကျောင်းတက်ရာမှာတွေ့ကြုံရတဲ့အတွေ့အကြုံတချိုကိုလည်း အခုလို ရှင်းပြပါတယ်။

“ကဒုံကနိကနေလာတာဆိုတော့ ညီမတို့ မိုးတွင်းကျရင်တော့ စက်လှေနဲ့လာရတာပေါ့။ နွေဘက်ကျရင်တော့ လမ်းလျှောက်တယ်။ အဖွဲ့များတော့လေ။ မိုးတွင်းစက်လှေကကျတော့ မနက်ဘက် ဟိုက ၉ နာရီထွက်တယ်။ ဒီကို ကိုးနာရီခွဲလောက် ရောက်တယ်ပေါ့နော်။ အဲဒီ ကိုးနာရီခွဲလောက်မှ ရောက်ပြီးတော့ ၁၀ နာရီလောက်မှ ညီမတို့ စာသင်ချိန်ကို စပါတယ်။ ရေလမ်းနဲ့မနီးတဲ့ ပထမ ဝန်ထမ်းတွေရှိတယ်ပေါ့နော်။ သူတို့ဆိုရင် ဒီလို ရေကိုလည်း အများကြီး မမြင်ဖူးဘူး။ သူတို့အထက်ဘက်မှာ။ အဲအခါကျတော့ သူတို့ ဒီလို ရေအများကြီးမြင်တဲ့အခါ လှိုင်းလေး နဲနဲပုတ်တဲ့အခါ   အော်တာတို့ ပြီးလို့ရှိရင် ကမ်းကို ကပ်ခိုင်းတာတို့ ကမ်းဘေးနား နီးသထပ်နီးအောင်လို့ မောင်းခိုင်းတာတို့ ရှိပါတယ်။ လှိုင်းကတော့ ဒီလို မိုးတွင်းဘက်ဆိုရင်တော့ မိုးသက်လေပြင်းများ နဲနဲကျတော့ လှိုင်းလုံး နဲနဲကြီးတယ်ပေါ့နော်။ ကိုယ်ကတော့ ဒေသခံဖြစ်နေတော့ တော်ရုံတန်ရုံ မကြောက်တော့ဘူး။

တစ်ခြားလုပ်ငန်း ဘယ်လောက်ပဲ အဆင်ပြေပြေ ပြောင်းဖြစ်မှာတော့ မဟုတ်ပါဘူး။ အခုက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေပေါ့နော်။ ကိုယ့်ရဲ့ ကလေးဘဝတုန်းက ရူးသွပ်ခဲ့ရတဲ့ ဆရာမဘဝ တကယ်လုပ်ရတဲ့ အခါမှာ ပျော်လည်းပျော်ပါတယ်။ ဒီအလုပ်ကိုပဲ ရေရှည် လုပ်ဖြစ်မှာပါ။ ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required