နိုင်ငံတော်အသရေဖျက်မှုနှင့် ဖမ်းဆီးခံထားရသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့၏ အဆင့်မြင့်အရာရှိအား ရုံးထုတ်စစ်ဆေး

နိုင်ငံတော်အသရေဖျက်မှုနှင့် ဖမ်းဆီးခံထားရသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့၏ အဆင့်မြင့်အရာရှိအား ရုံးထုတ်စစ်ဆေး
စစ်တွေအကျဉ်းထောင်မှ ရုံးထုတ်လာစဉ် (ဓာတ်ပုံ - RiA)

စစ်တွေ ၊ ဇူလိုင် ၂၇ ရက် ။                ။  နိုင်ငံတော်ကို အသရေဖျက်မှု၊ မဟုတ်မမှန် စွပ်စွဲပြောကြားမှုတို့ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ၏ ပြန်ကြားရေးဌာန ဒုတိယဥက္ကဌ ဗိုလ်မှူး ခိုင်မျိုးထွန်းကို ယနေ့ ဇူလိုင် ၂၇ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် ပထမဦးဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဗိုလ်မှူး ခိုင်မျိုးထွန်းကို ဇူလိုင် ၂၅ ရက်က ဖမ်းဆီးခဲ့ကာ စစ်တွေမြို့ ထောင်ချူပ်တွင် ထိန်းသိမ်းထားပြီး နှစ်ရက်အကြာ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဦးခိုင်မျိုးထွန်းဟာ ပါတီရဲ့တာဝန်ရှိတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ရတဲ့နည်းနဲ့ ထုတ်ယူသွားဖို့ သဘောရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့ဘက်က စီစဉ်ထားတာတစ်ခုရှိပါတယ်။ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့ သွားတွေ့ဖို့ပါပဲ။ သူတို့ဘက်က အတွေ့ခံမလားတော့ မပြောတတ်ဘူး။ တွေ့ခွင့်ရခဲ့ရင်တော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်။ ရုံးထုတ်တဲ့ အချိန်မှာ သူနဲ့ ကျွန်တော်တွေ့ခွင့်မရခဲ့ပါဘူး။ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူးလို့ သက်ဆိုင်ရာက ပြောပါတယ်။” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA မှ ဒုတိယ ဗိုလ်မှူးကြီး ခိုင်ထွန်းနီက ပြောသည်။

ဗိုလ်မှူး ခိုင်မျိုးထွန်းအား ရုံးထုတ်သည့်အချိန်တွင် စစ်တွေမြို့ တရားလွှတ်တော်ရုံးသို့ စိတ်ဝင်စားစွာ လာရောက်ခဲ့သူ ၃၀၀ ခန့်ရှိခဲ့သည်။

“AA နဲ့ တပ်မတော်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အချိန်မှာ ကျွန်တော်တို့ ALP ဘက်ကနေပြီးတော့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူတွေကို ထိခိုက်လာတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ရခိုင်အမျိုးသားတွေအတွက် ဒီလိုမျိုးကျူးလွန်လာခဲ့တာဟာ မလုပ်သင့်ဘူး။ လူ့အခွင့်အရေးအရ ကျွန်တော်တို့က ထောက်ပြခဲ့ပါတယ်။ ဒါဟာ ပါတီရဲ့သဘောထားဖြစ်တယ်။ ဦးခိုင်မျိုးထွန်းရဲ့သဘောထားမဟုတ်ဘူး။ အဲဒီကြေညာချက်အပေါ်မှာ အငြိုးထားပြီးတော့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။” ဟု ALP/ALA မှ ဒုတိယ ဗိုလ်မှူးကြီး ခိုင်ထွန်းနီက ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ပြီး ရခိုင်ပြည်နယ်အတွင်း အခြေချခွင့် ရရှိသည့်နောက်ပိုင်း ၂၀၁၄ ခုနှစ်မှ စတင်ကာ  ALP ဘက်မှ ဖမ်းဆီးခံထားရသူမှာ ၃ ဦးထိ ရှိနေပြီး ၎င်းတို့မှာ ခိုင်ထွီး၊ ခိုင်လင်း၊ ခိုင်မျိုးထွန်းတို့ ဖြစ်သည်။

“အခု ခိုင်မျိုးထွန်းကို တရားစွဲထားတဲ့ ပုဒ်မတွေကတော့ ၅၀၅ (ခ)၊ ၅၀၅ (ဂ) တို့နဲ့စွဲထားတာပါ။ ခုနက ရုံးထုတ်လာတဲ့အချိန်မှာ ကျွန်မသူနဲ့သွားတွေ့တဲ့အခါမှာ သူပြောတာကတော့ ဒီပုဒ်မတွေဟာ ဖျက်သိမ်းလိုက်ပြီလို့လည်းသိရတယ်။ လွှတ်တော်မှာ ပြန်တင်တယ်လို့လည်းကြားတယ်။ အခုကျွန်တော်တို့ကို ပြန်သုံးစွဲတယ်။ ဒါသည်ပင်လျှင် ခေတ်ပြောင်းလဲမှုမရှိသေးတဲ့အတွက် ဖြစ်တယ်လို့ ခိုင်မျိုးထွန်းကယူပါတယ်။ ကျွန်မအနေနဲ့လည်း မှန်တယ်လို့ယူဆပါတယ်။ သူကိုယ်တိုင်ကလည်း ALA ရဲ့ ဗိုလ်မှူးတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် ဒီအကျဉ်းအကျပ်ကနေ ဘယ်လို့ ရုန်းထွက်မလဲဆိုတာကို ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားမှာပါ။” ဟု စစ်တွေမြို့နယ်မှ တက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးက ပြောသည်။

ဖမ်းဆီးခံထားရသူ ဗိုလ်မှူး ခိုင်မျိုးထွန်းအား ပါတီမှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်ပါ တစ်ချို့ အချက်များကြောင့် နိုင်ငံတော်ကို ဂုဏ်သိက္ခာညိုးနွမ်းအောင် ပြုလုပ်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ၅၀၅ (ဂ) တို့ဖြင့် တရားစွဲဆိုထားရာ ခိုင်မျိူးထွန်းမှာ ရုံးတက်ရန် ပျက်ကွက်ခဲ့သည့်အတွက် တရားရုံးမှ တိုက်ရိုက် ဖမ်းဆီးခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ၎င်းအား သြဂုတ်လ ၅ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ထပ်မံရုံးချိန်းလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required