တိုက်စစ်မှူး လာကာဇက်တီအတွက် အာဆင်နယ်၏ ကမ်းလှမ်းမှုကို လိုင်ယွန် ပယ်ချ

တိုက်စစ်မှူး လာကာဇက်တီအတွက် အာဆင်နယ်၏ ကမ်းလှမ်းမှုကို လိုင်ယွန် ပယ်ချ

ဇူလိုင် ၂၇၊ ပြင်သစ် ။              ။ တိုက်စစ်မှူး လာကာဇက်တီအတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၉.၄ သန်းဖြင့်ကမ်းလှမ်းခဲ့မှုကို ပယ်ချခဲ့ကြောင်း လိုင်ယွန်အသင်းက တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

လိုင်ယွန်မြို့ထုတ် သတင်းစာတစ်စောင်က အာဆင်နယ်အသင်းသည် လာကာဇက်တီကို ခေါ်ယူရန် ပေါင် ၄၀.၂ သန်းဖြင့် ကမ်းလှမ်းခဲ့သည်ဟု ဖော်ပြခဲ့သည်ကို လိုင်ယွန်အသင်းဘက်က   ငြင်းဆန်လိုက်ပြီး ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

လာကာဇက်တီသည် အသင်းအတွက် အစားထိုးမရနိုင်သည့်တိုက်စစ်မှူးဖြစ်ပြီး အသင်း၏အဓိက ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း လိုင်ယွန်အသင်း၏ကြေညာချက်တွင် ပါရှိသည်။

လာကာဇက်တီသည် ပြီးခဲ့သည့်ရာသီက ပြင်သစ်လိဂ်တွင် ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး အီဗရာဟီမိုဗစ်ချ်၏နောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ ခြေစွမ်းပြနိုင်ခဲ့သော်လည်း လာကာဇက်တီမှာ နည်းပြဒက်ချမ့်၏ ယူရို ၂၀၁၆ ပြိုင်ပွဲဝင် ပြင်သစ်အသင်းတွင် ရွေးချယ်ခြင်း မခံခဲ့ရသူ ဖြစ်သည်။

အာဆင်နယ်အသင်းသည် ရာသီသစ်အတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် ကြိုးပမ်းလျက်ရှိနေရာ လာကာဇက်တီကို ခေါ်ယူရန်ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် တူးလော့စ်တိုက်စစ်မှူး ယက်ဒါကို ပေါင် ၈ သန်းဖြင့် ခေါ်ယူရန် ချိတ်ဆက်နေသည်ဟု သတင်းများက ဖော်ပြနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required