ဧရာဝတီတိုင်း ၂၆ မြို့နယ်တွင်း ကျပ်သန်း တစ်သောင်းကျော်အကုန်ခံပြီး ကျောင်း ၃၀၀ကျော်ဆောက်ရန် တင်ဒါခေါ်ပြီး

ဧရာဝတီတိုင်း ၂၆ မြို့နယ်တွင်း ကျပ်သန်း တစ်သောင်းကျော်အကုန်ခံပြီး ကျောင်း ၃၀၀ကျော်ဆောက်ရန် တင်ဒါခေါ်ပြီး

ပုသိမ်၊ ဇူလိုင် ၂၇ ။              ။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ၂၆မြို့နယ်၌ ကျောင်း၃၂၆ကျောင်းအား ကျပ်သန်း ၁၁၀၃၅.၅၀၀ အကုန်ကျခံ ဆောက်လုပ်ပေးရန် ကုမ္ပဏီများအား တင်ဒါခေါ်ယူပြီးဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

"ကျောင်းဆောက်ဖို့တင်ဒါကိုခေါ်နေပြီး နာမည်ပျက်စာရင်းရှိတဲ့ ကုမ္ပဏီတွေ၊ မြို့နယ်တွေက အရင်နှစ်တွေ ကျောင်းဆောက်လုပ်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရရင် ကျောင်းတင်ဒါကိုခွင့်မပြုဘူး။ တခြားနာမည်တွေနဲ့ တင်လာတာတွေရှိနိုင်တယ်။ ကျွန်မတို့ စိစစ်လို့တွေရင် လုပ်ပိုင်ခွင့်ကိုပြန်သိမ်းမယ်”ဟု ကျောင်းတင်ဒါများနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

ကျောင်းဆောက်လုပ်မှုများကို လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအင် ဝန်ကြီးက စိစစ်မည်ဖြစ်ပြီး နှစ်စဉ်ရေလွှမ်းလေ့ရှိသည့် ဧရာဝတီတိုင်းအတွင်း ကျောင်းများကို အရည်အသွေးကောင်းအောင် စိစစ်ဆောက်လုပ်မည်ဟု ၎င်းက ပြောသည်။

"စိစစ်ရေးအဖွဲ့တွေမှာ ကိုယ်စားလှယ်တွေ ဒေသက နားလည်သူတွေနဲ့ ဖွဲ့စည်းမှာပါ" ဟု ၎င်းက ပြောသည်။

တင်ဒါအောင်မြင်သူများသည် foundation footing အထိ လုပ်ငန်းတစ်ခုလုံးမှ လုပ်ငန်းပြီးစီးလျှင်၂၅ရာနှုန်း၊ အမိုမိုးပြီးစီးရင် ၂၅ရာနှုန်း၊ ကြမ်းခင်နှင့်နံရံကာရံခြင်းလုပ်ငန်း ၂၅ရာနှုန်း၊ အချောသတ်လုပ်ငန်းပြီးစီးလျှင် စုစုပေါင်းလုပ်ငန်းတန်ဖိုး၏ ၅ရာနှုန်းချန်လှပ်ပြီး ကျန်ငွေပေးချေမည်ဖြစ်သည်။

"ပြည်သူတွေ အတွက် ဘက်ဂျက်နဲ့ဆောက်ပေးတယ်။ ကျောင်းတွေ အရည်အသွေးမှီအောင်ကြီးကြပ်မှာပါ၊ ကျောင်းဆောင်အသစ်တော့ရတယ် စာသင်လို့မရတာတွေ သတ်မှတ်စံမမှီတာတွေရှိခဲ့တယ်၊ ပြည်သူအကျိုးရှိဖို့လုပ်ပါ။ ကုမ္ပဏီတွေက အကျိုးအမြတ်တခုပကြည့်ပြီး အရည်အသွေးမထိန်းဘဲ လုပ်ဆောင်တာမျိုးတွေ မဖြစ်စေချင်ဘူး”ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်များတွင် ကျောင်းဆောက်လုပ်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုများရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required