ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးသားအဆင့်ဆွေးနွေးပွဲ ကျင်းပ

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးသားအဆင့်ဆွေးနွေးပွဲ ကျင်းပ
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၆၊ ၂၀၁၆ခုနှစ်)။ ။ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးသားအဆင့်ဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဇူလိုင် ၂၆ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

"ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဟာ နိုင်ငံတော်အမျိုးသားအကျိုးစီးပွား၏ အထူးဦးစားပေးရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း တိုက်ရိုက်ဆက်စပ်လျက်ရှိနေပါတယ်" ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောသည်။

ရှေးဦးအရွယ် ကလေးသူငယ်များကို မွေးကင်းစမှ အသက်သုံးနှစ်အရွယ်အထိ သတ်မှတ်ထားပြီး အဆိုပါ ရှေးဦးအရွယ်ကလေးသူငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အဟာရနှင့် ပတ်ဝန်းကျင်ကောင်းရရှိရန် အထူးဂရုစိုက်သင့်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးသူငယ်နှင့် လူငယ်ဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်ကျော်မိုးက မီဒီယာများကို ပြောသည်။

"ကလေးတစ်ယောက်ဟာ မွေးစကနေ သုံးနှစ်မှာ ၈၅ရာခိုင်နှုန်းအထိ သူဟာဖွံ့ဖြိုးပြီးသွားပြီ။ အဲ့တော့ ကျွန်တော်တို့က မွေးစကနေ သုံးနှစ်အရွယ်အတွင်းမှာ ကလေးရဲ့ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အဟာရ၊ နောက်ပတ်ဝန်းကျင်ကောင်းရရှိပြီးတော့ ကလေးကို ဘယ်လို How to Care လုပ်ရမလဲ။ ဒါတွေကိုသိရှိရမယ်" ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly