လာမည့် နှစ်လအတွင်း ဆရာဝန်ဦးရေ ၂၀၀၀ခန့် အသစ်ခန့်အပ်မည်

လာမည့် နှစ်လအတွင်း ဆရာဝန်ဦးရေ ၂၀၀၀ခန့် အသစ်ခန့်အပ်မည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၆၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံအဝှမ်းတွင် လာမည့် နှစ်လအတွင်း ဆရာဝန်ဦးရေ ၂၀၀၀ခန့်အား အသစ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

"ကျွန်တော်တို့အနေနဲ့ လာမယ့် ၂လလောက်အတွင်းမှာ ဆရာဝန် ၂၀၀၀လောက် အသစ်ခန့်ဖို့ရှိပါတယ်" ဟု ဒေါက်တာမြင့်ထွေးကပြောသည်။

ဇူလိုင် ၂၆ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် ဦးအေးနိုင်မေးမြန်းသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဆေးဝါးပြည့်စုံသော၊ လုံလောက်သော ဆရာဝန်အရေအတွက်ဖြင့် ကုတင်(၁၀၀)ဆံ့ ဆေးရုံတစ်ရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားစဉ် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆရာဝန်အသစ်များအား မည်သည့်သတ်မှတ်ချက်ဖြင့် ခန့်အပ်သွားမည်ကိုမူ ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ လက်ရှိ ၂၅ကုတင်ဆံ့ ဆေးရုံသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်သောကြောင့် ကုတင် ၁၀၀ဆံ့ဆေးရုံ ဆောက်လုပ်ပေးရန် လွှတ်တော်အမတ် ဦးအေးနိုင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးမြန်းချက်အပေါ် ဝန်ကြီးဒေါက်တာမြင့်ထွေးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကုတင်(၅၀)ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ဆောက်လုပ်ပေးရန် လာမည့် ဘဏ္ဍာနှစ်တွင် ထည့်သွင်းရေးဆွဲထားကြောင်း လွှတ်တော်တွင် ပြောသည်။

ကျေးလက်ဒေသများရှိ ပြည်သူများမှာ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရှိသဖြင့် မလိုလားအပ်ဘဲ အသက်အန္တရာယ်ဆုံးရှုံးမှုများဖြစ်ပွားနေရသည်ဟု လွှတ်တော်အမတ်များက ဝေဖန်ပြောဆိုကြသည်။

"မြေပြင်အခြေအနေအရ ကျေးရွာပေါင်း သုံးလေးရွာပေါင်းတာတောင်မှ သားဖွားဆရာမတစ်ယောက်တောင် မရှိတာကို တွေ့နေရပါတယ်" ဟု ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ဆိုသည်။

လူဦးရေ နှစ်သိန်းကျော်နေထိုင်သော မိုးညှင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန်းစန်းအိကလည်း သူမ၏ မြို့နယ်အတွင်း ဆရာဝန် ၃၄ဦးသာရှိသဖြင့် လုံလောက်မှုမရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို ပိုမိုခန့်အပ်သင့်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ပိုမိုသုံးစွဲသင့်ကြောင်း လွှတ်တော်တွင် ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required