အစိုးရဟောင်းခွင့်ပြုခဲ့တဲ့ ၉ထပ်နဲ့ အထက် အဆောက်အဦ ၁၈၅ လုံးကို ဆောက်လုပ်ခွင့် ရပ်ဆိုင်းမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေဟုဆို

အစိုးရဟောင်းခွင့်ပြုခဲ့တဲ့ ၉ထပ်နဲ့ အထက် အဆောက်အဦ ၁၈၅ လုံးကို ဆောက်လုပ်ခွင့် ရပ်ဆိုင်းမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေဟုဆို

အရင်အစိုးရလက်ထက်က ရန်ကုန်မြို့မှာ တည်ဆောက်ဖို့ မူအားဖြင့် ခွင့်ပြုချက်ရရှိထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေကို ပြန်လည်စီစစ်နေဆဲကာလမှာ ခဏရပ်ဆိုင်းရမယ်လို့ ဒီဘက်အစိုးရသစ်လက်ထက်မှာ နိုင်ငံပိုင်သတင်းစာကနေ ကြေညာချက်ထွက်လာခဲ့တာကြောင့် အဲဒီ့ရဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်က သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန် မြို့မှာ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မူအားဖြင့် တည်ဆောက်ဖို့ ခွင့်ပြုခဲ့တာဆိုပေမယ့် ဒီဘက် အစိုးရကတော့ တည်ဆောက်မယ့်စံနှုန်းတွေကို အသေးစိတ်စစ်ဆေးမှု ပြန်လုပ် ဦးမယ်ဆိုပြီး ခဏရပ်ဆိုင်းထားဖို့ ကြေညာချက် တစ်စောင်ကို နိုင်ငံပိုင် သတင်း စာကနေ လွန်ခဲ့တဲ့ ၂ လက ကြေညာခဲ့ပါတယ်။
 
ဒီလိုမျိုးရပ်ဆိုင်းထားရမယ့် ၉ ထပ်နဲ့အထက်ရှိတဲ့ အဆောက်အဦးပေါင်း ၁၈၅ လုံးအထိ ရှိတာပါ။

"အခုကျမှ မလျောညီဘူးလို့ပြောတာ ကျွန်တော်တို့ စဉ်းစားမရတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ မူဝါဒအရ အောင်မြင်တယ်ဆိုတာလည်း ကျွန်တော်တို့ လွယ်လွယ် ကူကူနဲ့ အောင်မြင် ထားတာမဟုတ်ပါဘူး။   ဒါကို အောင်မြင်ဖို့ အနည်းဆုံး တစ်နှစ် လောက် လုပ်ကိုင်ရပါတယ်။ ၁၂ ထပ်ခွဲဆိုရင် မြို့တော်ဝန်နဲ့ ကော်မတီဝင်တွေဆီ သွားရတယ်။ ၁၂ ထပ်ကျော်တာနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပါတဲ့ အစိုးရအဖွဲ့ဆီ တင်ပြရတယ်။" လို့ MKT Construction Co., Ltdက ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

ဒီလိုမျိုး အစိုးရဘက်က အကြောင်းပြချက်နဲ့အတူ တည်ဆောက်ဆဲလုပ်ငန်းတွေ ခဏရပ်ဆိုင်းထားရမယ့် အခြေအနေမှာ တည်ဆောက်သူတွေ ဘက်ကလည်း ရှေ့ဆက်တိုးဖို့ တုံ့ဆိုင်းနေရတဲ့ အခြေအနေပါ။
 
အရင်အစိုးရလက်ထက်က ခွင့်ပြုချက်မူအားဖြင့် ရန်ကုန်မြို့မှာ ၃၁ ထပ်အထိ တည်ဆောက်ခွင့်ရထားပေမယ့် ရွှေတိဂုံဘုရားကန့်သတ်ကြားခံနယ်မြေဇုန်ထဲမှာ ကျရောက်နေတယ်ဆိုပြီး အထပ်လျှော့တည်ဆောက်ရမယ့် ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိအချိန်အထိ သူတို့ကုမ္ပဏီအနေနဲ့ အမေရိကန် ဒေါ်လာ ၉ သန်းကျော်ကုန်ကျထားတာဖြစ်ပြီး ဒီလိုမျိုးသာ ပြန်လည်ပြင်ဆင် တည်ဆောက်ရမယ်ဆိုရင် ဆုံးရှုံးမှုတွေရှိကုန်မယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ကို ၃၁ ထပ် ခွင့်ပြုထားပြီးတော့မှ ကျွန်တော်တို့ကို ၁၉ ထပ် လောက် ဖြတ်ပြီး ၁၂ ထပ်လောက်ပဲ ဆောက်ရမယ်လို့ရှိရင် အချိန် ၂ နှစ်ကျော် ၃ နှစ် လောက် လူအင်အား၊ငွေအင်အား ရင်းနှီးပြီးလုပ်ထားတာတွေက အလကားနီးပါးလောက် ဖြစ်သွားပါတယ်။" လို့ PSWN DEVELOPMENT CO.,LTD ရဲ့ အထွေထွေမန်နေဂျာ ဦးသီဟဇော်ကလည်းေ ပြာပါတယ်။

လက်ရှိအချိန်မှာ ခွင့်ပြုချက်ကျပြီး အဆောက်အဦး ၆၄ လုံးထဲက ၅၂ လုံးကို ခွင့် ပြုခဲ့ပြီး ကျန် ၁၂ လုံးကို အထပ်နိမ့်ဆောက်လုပ်ဖို့အတွက် အစိုးရက တားမြစ်စာ ပို့ထားတာဖြစ်ပါတယ်။
 
 ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က မူဝါဒပြင်ဆင်တယ်အထပ်မြင့် အဆောက်ဦးတွေကို ခွင့်ပြုချက်ရပ်ဆိုင်းတာတွေကို လက်ခံတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နဂိုဆောက်လုပ်ခွင့်ပြုပြီးသားကို ဆက်လက်ခွင့်ပြုဖို့ တောင်းဆိုတာဖြစ်တဲ့ အကြောင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆို လိုက်တာပါ။

"ဒါတွေကို ဆက်လက်ခွင့်ပြုပေးလိုက်ရင် ကျတော်တို့လည်း ရှင်သန်မယ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျတော်တို့ဘက်က ဘာကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါဆိုတဲ့   နှစ်ဦးနှစ်ဘက် အောင်မြင်အောင်လုပ်ကိုင်သွားရင်တော့.. ပြည်သူတစ်ထောင်၊ နှစ်ထောင်ကတော့ နစ်နာစေ ဟိုလူကတော့ သာစေ ဒီလိုမျိုး တော့ မဖြစ်သင့်ပါဘူး နိုင်ငံအတွက် တကယ်ကို ကြီးမားစွာသော ဆုံးရှုံးမှု ဖြစ်စေ မယ်ဆိုရင်တော့ တစ်မျိုးပေါ့ .." လို့ ဦးမျိုးမြင့်က ဆက်ပြောပါတယ်။

 ဒီသတင်းစာရှင်းလင်းပွဲကိုတော့ ခဏရပ်နားခံထားရတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်က  ပြု လုပ်တာဖြစ်လို့ အစိုးရတာဝန်ရှိသူတွေ လာရောက်တာကိုတော့ အဲဒိမှာ မတွေ့မြင်ရဘူးလို့သိရပါတယ်။ ဒီလိုမျိုးအလား သဏ္ဍာန်တူတဲ့ဖြစ်ရပ်အနေနဲ့ အရင်အစိုးရတုန်းကလည်း ရွှေတိဂုံဘုရားအနီး ဦးထောင်ဘိုးအဝိုင်း ဒဂုံစီးတီးအိမ်ရာစီမံ ကိန်းကို ကန့်ကွက်နေရာ ဖယ်ရှားခံရတာမျိုးမှာလည်း   တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါမျိုးသာ ကြိမ်ဖန်များစွာ ဖြစ်လာရင်တော့ နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုုပ်နှံသူတွေဘက်က အစိုးရအပေါ် ယုံကြည်မှုတွေလျှော့နည်းတာမျိုးလည်း ဖြစ်ပေါ်နိုင်တယ် လို့ သုံးသပ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly