ပြည်မြို့တွင် ဝမ်းပျက်ဝမ်းလျောကြောင့် လူ ၉၆ဦးဆေးရုံရောက်၊ အသေအပျောက်မရှိ

ပြည်မြို့တွင် ဝမ်းပျက်ဝမ်းလျောကြောင့် လူ ၉၆ဦးဆေးရုံရောက်၊ အသေအပျောက်မရှိ
(ဓာတ်ပုံ- ဦးအောင်အောင်)

ရန်ကုန်၊ မဇ္ဈိမ ။            ။ ပဲခူးတိုင်း ပြည်မြို့ရှိ ရပ်ကွက်အချို့တွင် ပြင်းထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေပြီး ပြည်အထွေအထွေဆေးရုံကြီးသို့ ရောက်ရှိသူ လူနာ ၉၆ဦး ရှိသွားပြီဟု ဇူလိုင် ၂၄ရက် နေ့လည်က ပြည်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးက မဇ္ဈိမကို ပြောသည်။

ပြည်မြို့တွင် အဆိုပါရောဂါကြောင့် သေဆုံးသူ တစ်ဦးပင်ရှိကြောင်း အစောပိုင်းတွင် သတင်းအချို့နှင့် ပတ်သက်၍ "သေတာမရှိပါဘူး။ ဒီမှာ ဆေးရုံက တာဝန်ခံလည်းရှိနေပါတယ်။ ကျွန်တော်တို့ အဲ့ဒီ့ကိစ္စကို ရပ်ကွက်တွေထဲထိ လိုက်လုပ်နေပါတယ်။ သေတယ်ဆိုတာ အဆုတ်ပွ၊ အဆုတ်ရောင်ပြီး သေတာတစ်ယောက်တော့ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျောကြောင့်မဟုတ်ပါဘူး" ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။

ဇူလိုင် ၂၄ရက် နံနက်ပိုင်းအထိ ဆေးရုံသို့ ရောက်ရှိလူနာ ၉၆ဦးရှိသော်လည်း နေ့လည်ပိုင်းတွင် ရောဂါသက်သာသဖြင့် လူနာ ၇၀ကျော်ကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီးဖြစ်ကာ ၂၅ဦးသာ ရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

ဆေးရုံမှ တာဝန်ရှိသူကို မဇ္ဈိမက မေးမြန်းရန် ကြိုးစားသော်လည်း လက်ရှိတွင် အဆိုပါ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် လူနာများဖြင့် အလုပ်များနေ၍ ဖြေဆိုနိုင်ခြင်းမရှိပေ။

လက်ရှိတွင် ပြည်မြို့ မာကလာကုန်းရပ်ကွက်၊ နဝင်းရပ်ကွက်၊ ဘောဂရပ်ကွက်၊ ရွှေပလ္လင်မှော်အောက်ချိုင့်တို့တွင် အဖြစ်များနေပြီး လက်ရှိတွင် ရပ်ကွက်အတွင်းရှိ ရေမသန့်သည့် အိုင်များကိုလည်း အိုင်အတွင်းမှ ရေများကို ဆုတ်ထုတ်ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနအပါအဝင် အစိုးရတာဝန်ရှိသူများက ဆေးရုံအပါအဝင် ရပ်ကွက်များအထိ ကျန်းမာရေးစောင့်ရှောက်မှုများ လိုက်လံလုပ်ဆောင်ပေးနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required