ထိုင်းတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နှောင့်ယှက်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတို့ဖြင့် ခေါ်ယူစစ်ဆေးခြင်းခံရ

ထိုင်းတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နှောင့်ယှက်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတို့ဖြင့် ခေါ်ယူစစ်ဆေးခြင်းခံရ

ဘန်ကောက်၊ ဇူလိုင် ၂၄ ။              ။ လာမည့်လတွင် ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဲပေးခွင့်ရှိသူများ စာရင်းစာရွက်ကို ရှစ်နှစ်သမီးငယ်နှစ်ဦးက ၎င်းတို့ ကြိုက်သည့် ပန်းရောင်စာရွက်များဖြစ်နေ၍ နံရံမှ ဖြဲယူခဲ့ရာမှ ဥပဒေချိုးဖောက်မှုတစ်ရပ်အနေဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇူလိုင် ၂၄ ရက်၌ ပြောသည်။

ထိုင်းနိုင်ငံ၌ ဆယ်စုနှစ်ကျော် နိုင်ငံရေးမတည်ငြိမ်မှုများဖြင့် နိုင်ငံ လှုပ်ခတ်မှုဖြစ်နေရခြင်းအား တည်ငြိမ်မှုရစေရေးဟုဆိုကာ စစ်တပ်နောက်ခံပြုရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေအား သြဂုတ် ၇ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် မဲပေးရမည်ဖြစ်ရာ ယင်းမတိုင်မီ သဘောထားကွဲလွဲသူများအား ထိုင်းစစ်အစိုးရက တင်းတင်းကျပ်ကျပ်ကိုင်တွယ်လျက်ရှိနေခြင်းဖြစ်သည်။

အထက်ပါ ရှစ်နှစ်သမီးငယ်နှစ်ဦးကို ကျောင်းနံရံရှိ မဲစာရင်း စုတ်ဖြဲခြင်းကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား နှောင့်ယှက်မှုနှင့် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း ကမ်ဖာအန်ဖတ်ပြည်နယ်ရဲမှူး ဒမ်ရွန်ပတ်ပွန်က ပြောသည်။

“ကလေးမလေးနှစ်ဦးက မဲစာရင်းစာရွက်က သူတို့ကြိုက်တဲ့ ပန်းရောင်စာရွက်လေးတွေဖြစ်နေလို့ ဖြဲယူခဲ့တာဆိုပြီး ပြောပါတယ်။”ဟု ဒမ်ရွန်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

ကလေးမလေးနှစ်ဦးမှာ အသက်အလွန်ငယ်၍ အပြစ်ပေးအရေးယူခြင်း ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ယခုပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် ၂၀၁၄ မေလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရအပေါ် ပြည်သူ့တို့၏ သဘောထားကို ပထမဆုံး စမ်းသပ်မှုကြီးတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်သည်။

ဖွဲ့စည်းပုံဥပဒေကြမ်းက ရွေးကောက်ခံအစိုးရကို ကျော်လွန်ကာ စစ်တပ်အား အာဏာပို၍ ပေးထားပြီး စစ်တပ်လွှမ်းမိုးမှုနှင့် ထင်ရှားသည့် နိုင်ငံရေးအင်အားစုများကြား ကွဲပြားနေမှုများကိုလည်း   ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း အဓိကနိုင်ငံရေးပါတီများအပါအဝင် ဝေဖန်သူများက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required