မဒီရာကျွန်း၏ လေဆိပ်အမည်ကို စီရော်နယ်ဒို၏အမည် ပြောင်းလဲဂုဏ်ပြု

မဒီရာကျွန်း၏ လေဆိပ်အမည်ကို စီရော်နယ်ဒို၏အမည် ပြောင်းလဲဂုဏ်ပြု

ဇူလိုင် ၂၄၊ ပေါ်တူဂီ ။              ။ ပေါ်တူဂီနိုင်ငံအတွက် သမိုင်းဝင်အောင်မြင်မှုအဖြစ် ယူရို ၂၀၁၆ ဆုဖလားကြီး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သောကြောင့် စီရော်နယ်ဒိုကို ဂုဏ်ပြုသောအားဖြင့် မဒီရာကျွန်းလေဆိပ်အမည်ကို စီရော်နယ်ဒို၏အမည်ပြောင်းလဲ ဂုဏ်ပြုခဲ့သည်။

မဒီရာကျွန်းမှာ စီရော်နယ်ဒို၏ မွေးရပ်မြေဇာတိဖြစ်သည်။ မဒီရာကျွန်းလေဆိပ်ကို ‘မဒီရာခရစ္စတီယာနိုရော်နယ်ဒိုလေဆိပ်’ ဟု ပြောင်းလဲခေါ်ဝေါ်မည်ဖြစ်ကြောင်း မဒီရာကျွန်း၏သမ္မတ မီဂွဲလ်အဘူကာကွီက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မဒီရာကျွန်းတွင် စီရော်နယ်ဒို၏ ပုံတူကြေးရုပ်နှင့် ပြတိုက်တို့ တည်ရှိပြီးဖြစ်သလို ယခုတစ်ပတ်အတွင်းကပဲ ကိုယ်ပိုင်ဟိုတယ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ စီရော်နယ်ဒို၏ အကြံပေးနှင့် အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်သည် ဘောလုံးအားကစားပြင်ပတွင် စီရော်နယ်ဒိုအတွက် ကိုယ်ပိုင်ဟိုတယ်များ၊ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် အဝတ်အထည်များ၊ ရေမွှေးများကို ထုတ်လုပ်စေပြီး စီးပွားရေးတောင့်တင်းခိုင်မာအောင် ပြုလုပ်ပေးထားသည်။

လက်ရှိတွင် စီရော်နယ်ဒိုမှာ ဒဏ်ရာကြောင့် အနားယူနေရပြီး ရီးယဲလ်အသင်းအတွက် ပြန်ကစားနိုင်မည့် အချိန်အတိအကျကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးပေ။ ထိုဒူးဒဏ်ရာကို ပြင်သစ်နှင့်ကစားခဲ့သည့် ယူရိုဗိုလ်လုပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required