မန်စီးတီးတိုက်စစ်မှူးဟောင်း နီဂရီဒိုကို မစ်ဒယ်ဘရော့အသင်း အငှားစာချုပ်ဖြင့် ခေါ်ယူ

မန်စီးတီးတိုက်စစ်မှူးဟောင်း နီဂရီဒိုကို မစ်ဒယ်ဘရော့အသင်း အငှားစာချုပ်ဖြင့် ခေါ်ယူ

ဇူလိုင် ၂၁၊ အင်္ဂလန် ။              ။ ပရီးမီးယားလိဂ်တန်းတက်ကလပ် မစ်ဒယ်ဘရော့အသင်းသည် ဗလင်စီယာအသင်းမှ မန်စီးတီးတိုက်စစ်မှူးဟောင်း နီဂရီဒိုကို တစ်ရာသီအငှားစာချုပ်ဖြင့်   ခေါ်ယူလိုက်ပြီ ဖြစ်သည်။

နီဂရီဒိုသည် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၃-၁၄ ရာသီက အထူးခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။ ထိုရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲကစားပေးခဲ့ပြီး ၂၃ ဂိုးအထိသွင်းယူပေးခဲ့သည်။

ထို့နောက်တွင် အသက် ၃၀ အရွယ်ရှိ နီဂရီဒိုသည် မန်စီးတီးမှ ဗလင်စီယာသို့ ပြောင်းရွှေ့ခဲ့သည်။ စပိန်ကလပ်အတွက် ပြီးခဲ့သည့် ရာသီနှစ်ခုက ၇၆ ပွဲကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူခဲ့သည်။

မစ်ဒယ်ဘရော့အသင်းသည် ဒေါ့တ်မွန်နောက်ခံလူ ဆူဘိုတစ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဆားဘီးယားနောက်ခံလူမှာ နံရိုးဒဏ်ရာရှိနေသည့်အတွက် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။

မစ်ဒယ်ဘရော့အသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုအများအပြား ပြုလုပ်နေပြီး နီဂရီဒို မတိုင်ခင် ကစားသမားသစ် ခြောက်ဦးခေါ်ယူထားပြီး ဖြစ်သည်။ ရေးဗားဆိုက်ဒ်ကလပ်အသင်းသည် ဆောက်သမ်တန်အသင်းမှ ဥရုဂွေးကွင်းလယ်တိုက်စစ်ကစားသမား ရာမီရက်ဇ်ကိုလည်း ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required