MMA ပြိုင်ပွဲ ရိုးရိုးတန်းလက်မှတ်များကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချ

MMA ပြိုင်ပွဲ ရိုးရိုးတန်းလက်မှတ်များကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချ
ရန်ကုန်မြို့တွင်ကျင်းပမည့် One Championship ပြိုင်ပွဲ ကြော်ငြာ။

ဇူလိုင် ၉၊ ရန်ကုန်။    ။ ဇူလိုင်လအတွင်း မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် MMA (ကိုယ်ခံပညာ ပေါင်းစုံ အသုံးပြု ) ပြိုင်ပွဲ၏ ရိုးရိုး တန်းလက်မှတ်များကို ဇူလိုင်လ ၇ ရက်မှ စတင်ကာ ၅၀ရာခိုင်နှုန်းထိ လျှော့ချကာ ရောင်းချပေးသွားမည်ဟု ပြိုင်ပွဲစီစဉ်သူဇေကော် ပိုရေးရှင်းဒါရိုက်တာ ဦးဇေသီဟက ပြောသည်။

အဆိုပါ MMA ပြိုင်ပွဲကို ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲလက်မှတ်များအတွက် မူလ သတ်မှတ်ထားသည့် ဈေးနှုန်းများမှာ အထူးတန်း နှစ်သိန်း၊ ရိုးရိုးတန်း ငါးသောင်း၊ နှစ်သောင်းခွဲ၊ တစ်သောင်း တို့ ဖြစ်ကြသည်။

“ လက်မှတ်ဈေးလျှော့ပေးတယ်ဆိုတာက အဓိကကတော့ ပြည်တွင်းက ဝါသနာရှင်တွေ လာရောက်ကြည့်ရှုနိုင်အောင်လို့ပါ။ အွန်လိုင်းကနေလည်း ပရိသတ်တွေကို လက်မှတ် လက်ဆောင်ပေးမယ့် အစီအစဉ်လေးတွေရှိပါတယ်။ ပြိုင်ပွဲကျင်းပရေး တာဝန် ရှိတဲ့ နိုင်ငံခြားသားတွေနဲ့လည်း ညှိနှိုင်းပြီးပါပြီ။ အထူးတန်းလက်မှတ်ကတော့ ကုန်သလောက် ဖြစ်နေပါပြီ။ ရိုးရိုးတန်းကတော့ ပွဲနေ့နဲ့ ပွဲမတိုင်ခင် ဝယ်လို့ရပါသေးတယ် ” ဟု ဦးဇေသီဟက ပြောသည်။

MMA ပြိုင်ပွဲ တွင်  မြန်မာနိုင်ငံမှ ရိုးရာလက်ဝှေ့သမား ၁၀ ဦးထိ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် ဘရာဇီးနိုင်ငံသား ဖာနန်ဒက်စ်နှင့် ဖင်လန်နိုင်ငံသား တိုနီတော်ရူးတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲအတွက် လက်မှတ်များကို ဇူလိုင်လ ၁ ရက်မှ စတင်ကာ ရောင်းချပေးလျက်ရှိပြီး City Mart ၊ Sky Net အရောင်းပြခန်းနှင့် 1876 တို့တွင် သွားရောက် ဝယ်ယူနိုင်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required