NCA စာချုပ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်လျှင် ငြိမ်းချမ်းရေးက အင်မတန် အလှမ်းဝေနိုင်ဟု တပ်မတော်ပြော

NCA စာချုပ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်လျှင် ငြိမ်းချမ်းရေးက အင်မတန် အလှမ်းဝေနိုင်ဟု တပ်မတော်ပြော

ရန်ကုန်၊ ဇူလိုင် ၁၉ ။  ။ အမှန်တကယ် ငြိမ်းချမ်းရေးရလိုလျှင် NCA စာချုပ်ကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်သွားရမည် ဖြစ်ပြီး NCA ကို အခြေမခံပါက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဟု တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ဇူလိုင်လ ၂၀ ရက် နေ့လည်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇမ္ဗူသီရိခန်းမတွင် ပြုလုပ်သည့် တပ်မတော်၏ 
သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အမှန်တကယ် ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် ဒီအပေါ်မှာ အခြေခံဖို့ လိုပါတယ်။ ဒီပေါ်မှာ အခြေခံပြီးတော့မှ Political Dialouge ဆိုတဲ့ ကိစ္စတွေ ကျွန်တော်တို့က ဆက်သွားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် အတိုင်းမလုပ်ဘူး ဆိုရင် ခုနက ကျွန်တော်ရှင်းပြသလိုပဲ ငြိမ်းချမ်းရေးက အင်မတန် အလှမ်းဝေးသွားမယ့်အနေအထား ရှိပါတယ်" ဟု ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈)ဖွဲ့နှင့် NCA စာချုပ် လက်မှတ်ရေးထိုးပြီးဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် လမ်းစဖော်ထားပြီးသား ဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီးက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့်လည်း ၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပြီး လာမည့် သြဂုတ်လအတွင်း၌ ကျင်းပသွားမည် ဖြစ်သည်။

ထို့ပြင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်ရှိ နိုင်ငံတော်အစိုးရ၏ သဘောထားနှင့် တစ် ထပ်တည်းရှိပြီး ငြိမ်းချမ်းရေး အမှန်တကယ် လိုချင်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ဇူလိုင်လ ၁၇ရက်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ကိုယ်စားလှယ်များ ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly