အမေရိကန်၏ ဒုံးပျံကာကွယ်ရေးစနစ်ကို ကန့်ကွက်သည့်အနေဖြင့် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်

အမေရိကန်၏ ဒုံးပျံကာကွယ်ရေးစနစ်ကို ကန့်ကွက်သည့်အနေဖြင့် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်

ဆိုးလ်၊ ဇူလိုင် ၁၉ ။            ။ တောင်ကိုရီးယားတွင် ချထားမည့် အမေရိကန်၏ ဒုံးပျံကာကွယ်ရေးစနစ်အပေါ် ကန့်ကွက်သည့်အနေဖြင့် မြောက်ကိုရီးယားက ဇူလိုင် ၁၉ ရက်တွင် ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် သုံးစင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်ဌာန (JCS) က ထုတ်ပြန်လိုက်သည်။

ယင်းဒုံးကျည်များအား နံနက်စောစောပိုင်းက မြောက်ကိုရီးယားနိုင်ငံအနောက်ပိုင်း ဝမ်ဂျူးမြို့မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ SCUD အမျိုးအစားဖြစ်နိုင်သော အဆိုပါဒုံးကျည်များသည်   တောင်ကိုရီးယားနိုင်ငံ၏   မည်သည့်နေရာဒေသသို့မဆို ရောက်ရှိနိုင်ကြောင်း JCS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားက ဇန်နဝါရီလအတွင်း လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ဒေသတွင်း တင်းမာမှုများမြင့်တက်လာကာ အဆိုပါနိုင်ငံက အမေရိကန်ကုန်းတွင်းပိုင်းအထိ ပစ်လွှတ်နိုင်မည့် ဒုံးကျည်များရရှိရန် စမ်းသပ်ပစ်လွှတ်မှုများ မကြာခဏလုပ်ဆောင်ခဲ့ကြောင်း လေ့လာသူများက ပြောကြားသည်။

တောင်ကိုရီးယားတွင် အဆင့်မြင့် ဒုံးပျံကာကွယ်ရေးစနစ် တပ်ဆင်မည့်အစီအစဉ်အပေါ် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယားက ဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှုများကို လုပ်ဆောင်ခဲ့မှုကြောင့်Terminal High Altitude Area Defense system ( THAAD) ဟု အမည်ပေးထားသည့် ဒုံးပျံကာကွယ်ရေးစနစ်ကို တပ်ဆင်သွားရန်  အမေရိကန်နှင့်တောင်ကိုရီးယားတို့က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required