ဟင်္သာတမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် အနီးဆက်လက်တည်ရှိနိုင်

ဟင်္သာတမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် အနီးဆက်လက်တည်ရှိနိုင်

ဟင်္သာတ၊ ဇူလိုင် ၁၇ ။               ။ ဟင်္သာတမြို့ ဧရာဝတီမြစ်ရေသည် ၁၇ရက် နေ့လည် ၁၂ နာရီအချိန် တိုင်းတာချက်အရ ၄၃.၉၀ ပေ သို့ရောက်ရှိနေကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။ ဟင်္သာတမြို့၏ စိုးရိမ်ရေအမှတ်မှာ ၄၄ပေ ဖြစ်ပြီး ယနေ့ညနေပိုင်းတွင် ရောက်ရှိနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ညွှန်ကြာရေးမှူးဟောင်း ဦးချစ်ကျော်က "မြန်မာပြည်အထက်ပိုင်းမှာ မိုးရွာသွန်းလို့ အပေါ်ရေဆင်းလာတာ အခုလောက်ဆို မုံရွာရောက်နေပြီ။ မုံရွာကနေ ဟင်္သာတဆို ၁၀ရက်လောက် ကြာမယ်။ ဟင်္သာတမြို့က ရေကြီးတဲ့ ဒဏ်ကို ၂၀ရက်ဝန်းကျင်ဆို စပြီးခံစားရမယ်။ ရေထရက်ဖြစ်တဲ့ လပြည့်ရက်နဲ့ နီးတာကြောင့် ၂၀ရက်နေ့ကနေ လကုန်အထိ ရေကြီးတဲ့ ဒဏ်ကို ခံရမယ်။ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့အောက်ပိုင်း ငသိုင်းချောင်းတို့ ပုသိမ်ဘက်ကို ဆက်ဆင်းသွားမှာ ဖြစ်ပေမယ့် ဟင်္သာတက ရေကျနည်းနည်းမြန်တယ်။   ရေထရက်ဖြစ်တာကြောင့်   ရေက တောင့်ခံနေတာကြောင့် ရေထရက်ကျော်ပြီး ရေပြန်ကျတဲ့ရက်မှာ အထက်ကရေတွေ ဟင်္သာတကို ရောက်တဲ့အချိန် ဖြစ်နေလို့ ရေအယ်နေနိုင်ပါတယ်။ ဒါကြောင့် ဟင်္သာတဟာ စိုးရိမ်ရေအမှတ်နားကို တက်လိုက်ကျလိုက်နဲ့ ဖြစ်နေနိုင်ပါတယ်။ မြစ်ကမ်းပါးမှာနေတဲ့ သူတွေ နေရာကြိုတင်ရွှေ့ပြောင်းထားဖို့လိုပြီး ရေကြီးတဲ့ အခါဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ
ဥပမာ မြွေအန္တရာယ်ကို သတိထားရပါမယ်။ " ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသည်။

ဟင်္သာတမြို့ ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက "လက်ရှိ အချိန်အထိတော့ ညောင်ပင်ဝင်းဘက်မှာ ရေပေါက် တစ်ပေါက်ပဲ ရှိသေးတယ်။ မနှစ်က ရေပေါက် ၄၈၀ လောက် ပေါက်ခဲ့တယ်။ ၂၄နာရီရေကင်းတွေ မြစ်ကမ်းတောိလျောက်မှာ ချထာပြီး စကားပြောစက်တွေနဲ့ အချိန်မရွေး ဆက်သွယ်သတင်းပို့နိုင်အောင် လုပ်ထားပါတယ်" ဟု ဖြေကြားသည်။

ဟင်္သာတမြို့၏ မြေမျက်နှာသွင်ပြင်သည် ဒယ်အိုးပုံသဏ္ဍာန် ရှိပြီး နှစ်စဉ် ပျမ်းမျှရေအမှတ်သည် မြို့အထက်တွင် ၄ပေခန့် ရှိနေတတ်ကာ ရေကာတာများ အထပ်ထပ်ကာရံထားသော မြို့ဖြစ်သည်။ ဟင်္သာတ ခရိုင်အတွင်းတွင် ငဝန်မြစ်နှင့် ဧရာဝတီမြစ်တို့တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required