ပြင်သစ်တွင် လုံခြံုရေးမြှင့်တင်နိုင်ရန် အရန်ရဲအင်အား တစ်သောင်းကျော် ခေါ်ယူ

ပြင်သစ်တွင် လုံခြံုရေးမြှင့်တင်နိုင်ရန် အရန်ရဲအင်အား တစ်သောင်းကျော် ခေါ်ယူ

ပါရီ၊ ဇူလိုင် ၁၇ ။                    ။ ပြင်သစ်နိုင်ငံတွင် လူပေါင်း ၈၀ ကျော်သေဆုံးခဲ့သည့် နိစ်မြို့တိုက်ခိုက်မှုနောက် လုံခြုံရေးမြှင့်တင်နိုင်ရေးအတွက် အရန်ရဲအင်အား ၁၂၀၀၀ ဖြည့်တင်းရန် ခေါ်ယူလျက်ရှိသည်။

နိုင်ငံအား ကာကွယ်ရေးအတွက် အားလုံးသော ပြင်သစ်မျိုးချစ်များအနေဖြင့် အရန်ရဲအင်အားတွင် ပါဝင်ကြရန် ပြည်ထဲရေးဝန်ကြီး ဘားနက်ကာဇန်နူးက ပန်ကြားသည်။

ဇူလိုင် ၁၄ ရက်က ပြင်သစ်နိုင်ငံ နိစ်မြို့တွင် အမျိုးသားနေ့အထိမ်းအမှတ် ကျင်းပရာ လူအုပ်အတွင်း မိုဟာမတ်လာဟို့အီဂျီဆိုသူက လော်ရီကားမောင်းဝင်ကာ ကားဖြင့် လူအများအား လိုက်တိုက်ကာ တိုက်ခိုက်ခြင်းဖြစ်သည်။ ၎င်းအား ရဲက အသေပစ်ခတ်နှိမ်နှင်းခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုက ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်သည်။

အိုင်အက်စ်နှင့် ချိတ်ဆက်သည့် သတင်းဌာနတစ်ခုဖြစ်သော Amaq Agency က "အိုင်အက်စ်အား တိုက်ခိုက်နေသည့် ညွန့်ပေါင်းအဖွဲ့က နိုင်ငံသားများကို ပစ်မှတ်ထားပြီး တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း" ဖော်ပြခဲသည်။

တိုက်ခိုက်မှုနှင့် ချိတ်ဆက်ပတ်သက်မှုရှိသည်ဟု ဟို့အီဂျီ၏ ဇနီးဟောင်းအပါအဝင် သံသယရှိသူ ငါးဦးကို ရဲက ဖမ်းဆီးထားကြောင်း ပါရီရှေ့နေရုံးက ပြောသည်။

ဇူလိုင် ၁၆ ရက်မှ စကာ ဝမ်းနည်းဖွယ်နေ့အဖြစ် သုံးရက်သတ်မှတ်ခဲ့သည့် ပြင်သစ်နိုင်ငံတစ်ဝန်းလည်း ရဲနှင့် စစ်တပ်အင်အား ၁၂၀၀၀၀ ကို ဖြန့်ကြက်ချထားပြီးဖြစ်သည်။

"တိုင်းပြည်ကို စောင့်ရှောက်ဖို့ အရန်တပ်အင်အားထဲ ပူးပေါင်းပါဝင်ကြဖို့ကို ပြင်သစ်မျိုးချစ်အားလုံးကို တိုက်တွန်းလိုတယ်။"ဟု ပြည်ထဲရေးဝန်ကြီး ဘားနက်ကာဇန်နူးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required