တူရကီစစ်အာဏာသိမ်းမှု၌ စစ်သား သုံးထောင်နီးပါးအား ဖမ်းဆီး

တူရကီစစ်အာဏာသိမ်းမှု၌ စစ်သား သုံးထောင်နီးပါးအား ဖမ်းဆီး

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၆ ။              ။ လက်ရှိဖြစ်ပွားသော စစ်တပ်က အာဏာသိမ်းရန် ကြံစည်မှုအတွင်း အဆင့်မြင့်အရာရှိပိုင်းအပါအဝင် စစ်သား ၂၈၃၉ ဦးကို ဖမ်းဆီးထားကြောင်း တူရကီဝန်ကြီးချုပ် ဘီနာလီရီဒင်ရမ်က ပြောသည်။

တူရကီ၏ ဒီမိုကရေစီ အိုးမည်းသုတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုကာ စစ်အာဏာသိမ်းမှုတွင် လူပေါင်း ၁၆၁ ဦး သေဆုံးကာ ၁၄၄၀ ဦး ဒဏ်ရာရကြောင်း ပြောသည်။

အန်ကာရာမြို့၊ အစ္စတန်ဘူလ်မြို့နှင့် အခြားနေရာများတွင် ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများကို လှမ်းကြားရပြီး သမ္မတအာဒိုဂန်က အာဏာသိမ်းရန်ကြံစည်သူများကို နိုင်ငံအား ပုန်ကန်သူများအဖြစ် ပြောဆိုသည်။

အာဏာသိမ်းမှုနောက်ကွယ်တွင် မည်သူရှိကြောင်း သေချာရှင်းလင်းမသိရသေးပေ။

သမ္မတအာဒိုဂန်ကမူ နိုင်ငံအာဏာကို ယှဉ်ပြိုင်သူတစ်ဦးကို အပြစ်တင်သည်။ သြဇာကြီးသော အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖတ်တူလက်ဂူလန်ကိုအား ရှင်းရှင်းလင်းလင်းရည်ညွန်း အပြစ်ဆိုကာ မတည်ငြိမ်မှုများ ဖြစ်ပွားအောင် လှုံ့ဆော်နေသူအဖြစ် စွပ်စွဲသည်။

သို့သော ဂူလန်ကမူ ယခုဖြစ်ပွားသည့် အာဏာသိမ်းရန်ကြံစည်မှုများနှင့် တစ်စုံတစ်ရာမျှ ပတ်သက်ခြင်းမရှိကြောင်း ထုတ်ပြန်ပြီး ၎င်းကိုယ်တိုင် တူရကီနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

တူရကီနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှုက ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် စသည်။ တင့်ကားများဖြင့် အစ္စတန်ဘူလ်မြို့တွင်း လမ်းများကို ပိတ်ဆို့မှုများ ချသည်။ အန်ကာရာမြို့တွင်လည်း လမ်းများတွင် စစ်သားများနေရာယူပြီး စစ်ဂျက်လေယာဉ်များက ဝဲပျံနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်ပြီးနောက် စစ်တပ်တပ်စုတစ်ရပ်က နိုင်ငံကို ငြိမ်းချမ်းရေးကောင်စီက အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေညာကာ ဖွဲ့စည်းပုံအသက်ဝင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုများ အာမခံကျိန်းသေရရေးအတွက် အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

ထိုပုန်ကန်မှုများကို ပြည်သူများအနေဖြင့် လမ်းများပေါ်ထွက်၍ ဆန့်ကျင်ကြရန် သမ္မတအာဒိုဂန်က တီဗီမိန့်ခွန်း၌ တိုက်တွန်းသည်။

ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အာဏာသိမ်းရန် ကြံစည်ကြသော စစ်တပ်တပ်စုက လက်နက်ချလိုက်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required